Skip to main content
x

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ဧရာဝတီတိုင်းဒေသကြီး၏ ငါးပုစွန်မွေးမြူထုတ်လုပ်မှုအတွက် လိုအပ်သည့် သားပေါက်များ အရည်အသွေး နှင့် အရေအတွက်ပြည့်မီစွာ ထုတ်လုပ်ပေးရေးကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၌ ဆီထွက်နေကြာတိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကို မတ်လ(၁၃)ရက်နေ့ နံနက်ပိုင်းက ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဧည့်ရိပ်သာ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး ၊ တောင်သူများ တွက်ခြေကိုက်မည့် အထွက်နှုန်း နှင့် ဝင်ငွေ ရရှိရေး အတွက် လိုအပ်သည့်ကူညီပံ့ပိုးမှုများ စီမံဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာများ၊ ဆီစက် လုပ်ငန်းများ ဖွံ့ဖြိုး လာရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

     စာရင်းများအရ  ၂၀၂၀-၂၀၂၁ ခုနှစ် တွင် မြန်မာနိုင်ငံ ၏ ဆီထွက်သီးနှံစိုက်ဧရိယာ အနေဖြင့် မြေပဲ ဧက(၂၈)သိန်းကျော်၊ နှမ်း ဧက(၃၈)သိန်း၊ နေကြာဧက(၆)သိန်းခန့်၊  အပါအဝင် ဆီထွက်သီးနှံစိုက်ဧက(၇၆)သိန်းကျော် စိုက်ပျိုးထုတ်လုပ်ခဲ့ကြောင်း၊ ပြည်တွင်း၌ မြေပဲဆီ နှင့် နှမ်းဆီ (၂)မျိုးကို အဓိက ထုတ်လုပ်စားသုံးမှုရှိပြီး ဝင်ငွေနည်း ပြည်သူများ အနေဖြင့် စားအုန်းဆီ နှင့် ရောနှောဆီများကို စားသုံးလျက်ရှိသဖြင့် နှစ်စဉ် ပြည်ပမှစားအုန်းဆီ မက်ထရစ်တန် (၂)သိန်းခန့်ကို တင်သွင်းနေရလျက်ရှိရာ ပြည်တွင်း စားသုံးဆီ လိုအပ်ချက်ကို ကာလတိုအတွင်း သိသိသာသာ ဖြည့်ဆည်းပေးနိုင်ရေး အတွက် တစ်ဧက ဆီထွက်ရှိနိုင်မှု မြင့်မားသော စပ်မျိုးနေကြာ စိုက်ပျိုးရေးကို တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ဧက(၁၅)သိန်း စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ၌ ဆောင်းသီးနှံ အဖြစ် နေကြာ ဧက(၂)သိန်းကျော် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ပြီး သီးနှံပေါ်ချိန်  ဆီထုတ်လုပ် နိုင်ရေး အတွက် သက်ဆိုင်ရာအသင်းအဖွဲ့များ နှင့် ပူးပေါင်း ဆောင်ရွက် နိုင်ရေး ကြိုတင်ညှိနှိုင်း သွားမည်ဖြစ်ကြောင်းသိရသည်။

     နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ၊ ရွှေသောင်ယံမြို့နယ်ခွဲ ချောင်းသာကျေးရွာ ပုစွန် သာဖေါက်စခန်း နှင့် မအူပင်မြို့နယ်၊ တလုပ်လှငါးလုပ်ငန်းစခန်းများ အားကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က ဒေသ၏ ငါးပုစွန်မွေးမြူထုတ်လုပ်မှုအတွက် လိုအပ်သည့် သားပေါက်များ အရည်အသွေး နှင့် အရေအတွက်ပြည့်မီစွာ ထုတ်လုပ်ပေးရန် လိုအပ်ချက်များကို တာဝန်ရှိသူ များအား ဆွေးနွေး မှာကြားသည်။

     ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ညောင်တုန်းကျွန်းရှိ  မဲဇလီ ရေထိန်းတံခါးသို့ရောက်ရှိကြပြီး ရေထိန်းတံခါးကြံ့ခိုင်မှု နှင့် ရေဝင်ရေလွှဲ ထိန်းသိမ်းမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က မအူပင်မြို့နယ်နှင့် ညောင်တုန်းမြို့နယ် များရှိ ရေနက်ကွင်း ဧရိယာများအတွင်း မိုးရာသီ ရေလွှမ်းမိုးမှုအား ကာကွယ်ပေးရေး လုပ်ငန်း များ နှင့် နွေရာသီတွင် နွေစပါးသီးနှံအပါအဝင် အခြားသီးနှံများအား ရေနက်ကွင်းများ၌ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး၊ သီးနှံပုံစံမှန်ကန်ရေး အလေးထားဆောင်ရွက်ရန် လိုအပ်ချက် များကို   တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။

crd www.agri.com.mm