Skip to main content
x

ရန်ကုန်တိုင်းဒေသကြီး၌ နေကြာသီးနှံ ဧက(၈၀၀၀) ကျော် တိုးချဲ့စိုက်ပျိုးမည်

ဒေသတစ်ခု၏ အေးချမ်း သာယာမှု သည် အဆိုပါ ဒေသနေပြည်သူများ၏ အလုပ်အကိုင် နှင့် ဝင်ငွေ ရရှိမှု  ၊ အတွေးအခေါ် ဖွံ့ဖြိုးမှု အပေါ် တည်မီနေသည်ကို အထူးသတိပြုရန်လိုကြောင်း၊ ပြည်သူများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေး ကို မျှော်မှန်းပြီး ဒေသ၏ ရေမြေရာသီဥတု ထူးခြား အားသာချက်များကို စနစ်တကျအသုံးချ၍ စျေးကွက်အလားအလာရှိသော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး နှင့် တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ပေးရန် လိုကြောင်း၊ မတ်လ(၁၄)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၉) အစည်းအ‌ဝေးခန်းတွင် တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများ နှင့် တွေ့ဆုံစဉ်  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

     တွေ့ဆုံပွဲတွင် ဒေသဝမ်းစာဖူလုံရေး၊ အာဟာရဓါတ်ပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သော စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုး မွေးမြူရေး ကို အခြေခံသော တန်ဖိုးမြှင့် ကုန်ချောထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရေး၊ အကျိုးတူ ကန်ထရိုက် လယ်ယာစနစ် တိုးမြှင့်လုပ်ဆောင်နိုင်ရေး နှင့် ဌာန ပုဂ္ဂလိက တောင်သူတို့ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေး ခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီး၌ နွေစပါး၊ မိုးစပါး ဧက(၁၃)သိန်းကျော်၊ ပဲမျိုးစုံ နှင့် ဆီထွက်သီးနှံ အပါအဝင် အဓိကသီးနှံ (၈)မျိုး၏ စိုက်ပျိုးဧရိယာစုစုပေါင်း ဧက(၁၈)သိန်း ကျော် ရှိပြီး စားသုံးဆီဖူလုံရေးအတွက် ယခုနှစ် ဆောင်းသီးနှံမှ စတင်၍ နေကြာသီးနှံ ဧက(၈၀၀၀) ကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     တွေ့ဆုံပွဲအပြီးတွင် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရန်ကုန်မြို့ (၉)မိုင်ရှိ  ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ စက်မှုတိုင်း(၁) ရှိ ဆည်တမံများထိန်းသိမ်းရေးဆိုင်ရာ စက်ယန္တရားများ ပြုပြင်ထိမ်းသိမ်းခြင်းနှင့် စက်မှု လုပ်ငန်းခွင် သင်တန်းကျောင်းသို့ သွားရောက်ကြပြီး မော်တော်ယဉ်နှင့် စက်ယန္တရားများ ကိုင်တွယ်မောင်းနှင်ခြင်းဆိုင်ရာသင်တန်း၊ စက်ပြင်ဆင် ထိန်းသိမ်းခြင်းသင်တန်း၊ စက်မှု နှင့် လျှပ်စစ်ဘာသာရပ်ဆိုင်ရာသင်တန်း၊ လျှပ်စစ်နှင့် ဂဟေဆက်သင်တန်းဖွင့်လှစ် ပို့ချ ပေးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ သင်တန်းနည်းပြများ သင်တန်းသားများ နှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က ဆွေးနွေးမှာကြားရာ၌ ရေလှောင်တမံများ၊ ရေလွှဲ ဆည်များ၊ ရေနုတ်မြောင်းများနှင့် ရေထိန်းတံခါးများ ရေဘေးကာကွယ်ရေး တာတမံများ တည်ဆောက် ပေးခြင်းနှင့် ထိန်းသိမ်ပြုပြင်ခြင်းလုပ်ငန်းများတွင် အဓိကအားထားရသည့် လုပ်ငန်းခွင်သုံး စက်ယန္တရားများ ရေရှည်ကောင်းမွန်စွာ အသုံးချနိုင်ရေး အတွက် လူသားအရင်းအမြစ် ကျွမ်းကျင်သူများအဖြစ် စွမ်းဆောင်နိုင်ကြစေရန် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ခေတ်နှင့်အညီ ဖြစ်ပေါ်တိုးတက် ပြောင်းလဲလာသော နည်းပညာများကို တိုးမြှင့်လေ့လာ ကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်း ဆွေးနွေး မှာကြားသည်။

     အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး ဌာနခွဲ ၏ ပိုးသတ်ဆေးဓာတ်ကြွင်း စစ်ဆေးခြင်း လုပ်ငန်းများ၊  မှိုအဆိပ်စစ်ဆေးခြင်း လုပ်ငန်းများ နှင့် စိုက်ပျိုးရေးဆိုင်ရာ သွင်းကုန် ထုတ်ကုန်များ အပေါ် နိုင်ငံတကာ စံချိန်စံညွှန်းများ နှင့်အညီ စစ်ဆေးကြပ်မတ်ခြင်းလုပ်ငန်းများကိုလည်းကောင်း ၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန တိရစ္ဆာန်အစာနှင့် ဆေးဝါးသုတေသန ဌာနစိတ် ၏ သုတေသန ဓာတ်ခွဲခန်းများ ၊ အရည်အသွေးကောင်းမွန်သော ကာကွယ်ဆေးများ ကုသဆေးများ နှင့် အားဖြည့် ဆေးဝါးများ ဆိုင်ရာ လုပ်ငန်းများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယာဉ်ခြံ၊ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ အပင်ဇီဝ နည်းပညာဗဟိုဌာန ၏ သီးနှံမျိုးစေ့များ မျိုးဗီဇမှန်ကန်ရေး နှင့် မျိုးသန့်စင်ရေးအတွက် ခေတ်မီနည်းပညာ အသုံးပြု၍ မျိုးဗီဇခွဲခြား စိစစ်ခြင်း ဆောင်ရွက်နေမှုများကိုလည်းကောင်း ၊ ငှက်ပျော၊  ဝဥနှင့် သစ်ခွ တစ်သျှူးမျိုးပွားနေမှုများကိုလည်းကောင်း ကြည့်ရှု စစ်ဆေးသည်။

     ထိုမှတဆင့် ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့ရှိ စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာသင်တန်းကျောင်းသို့ရောက်ရှိကြပြီး သင်တန်း နည်းပြများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဒုတိယဝန်ကြီး က အရည်အသွေးပြည့်ဝသည့် စက်မှုလယ်ယာ လုပ်သားကောင်း များ လေ့ကျင့် ပျိုးထောင်ပေးရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားကာ သင်တန်းကျောင်း ၏ သင်ကြားမှု အထောက်အကူပြု စက်ကိရိယာများအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။