Skip to main content
x

ငါးလုပ်ငန်းဦးစီးဌာန၏ နှစ်(၅၀) ပြည့် ရွှေရတုနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို မှီခိုနေကြရသော နိုင်ငံ့လူဦးရေ ၇၀% အတွက် အလုပ် အကိုင် နှင့် အသက်မွေးဝမ်းကျောင်းများ ဖန်တီးပေးနိုင်ရန် ငါးဖမ်းလုပ်ငန်း၊ ငါးမွေးမြူရေး လုပ်ငန်း ၊ ရေထွက်ပစ္စည်းအခြေခံ စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းများ မှာ အရေးပါသော အခန်းကဏ္ဍက ပါဝင်နေလျက်ရှိရာ ရေလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်ဦးရွက် ပြုနေသည့် ငါးလုပ်ငန်းဦးစီးဌာန ၏ နည်းပညာပေးခြင်း နှင့် သုတေသနပြုလုပ်ခြင်း လုပ်ငန်းများ အတွက်  လိုအပ်သော ပညာရှင်လူစွမ်းအား အရင်း အမြစ်များ တိုးပွားရေး ၊ အရည်အချင်းအရည်အသွေးအလိုက် ဝန်ထမ်းများ ရွေးချယ်ခန့်ထားရေး၊ စွမ်းဆောင်ရည် တိုးတက်ရေး အတွက် လုပ်ငန်းခွင်သင်တန်းမျိုးစုံ ဆောင်ရွက်ပေးရေး တို့ကို အလေးထား လုပ်ဆောင်ပေးခြင်းဖြင့် နောင်လာမည့် နှစ် ၅၀မှာ ထူးထူး ခြားခြားအောင်မြင်စေရန် ယနေ့ကြိုးစား ကြရမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ၏ နှစ်(၅၀)ပြည့် ရွှေရတုနေ့ ဂုဏ်ပြု အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

     ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည့် အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် ဦးစီးဌာနများ တက္ကသိုလ်များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီး ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနများမှ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

     အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က အဖွင့်အမှာစကား ပြောကြားရာ၌ ရေသယံဇာတထိန်းသိမ်းရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် နိုင်ငံဖြတ်ကျော် ကျက်စား နေထိုင်သော ငါးမျိုးစိတ်တစ်ခုဖြစ်သည့် (Transboundary species) ငါးသလောက် ငါးမျိုးများ ထိန်းသိမ်းရေး နှင့် ဈေးကွက်မြှင့်တင်နိုင်ရေး၊ ငါးသယံဇာတများ ရေရှည်ထိန်းသိမ်းနိုင်ရေးတို့ အတွက် ငါးမဖမ်းရရာသီများသတ်မှတ်ထုတ်ပြန်ပေးခြင်း နှင့် ကြပ်မတ်ထိန်းကျောင်းခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လိုကြောင်း၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် သားငါးကဏ္ဍအတွက် အရေးပါသည့် မွေးမြူရေးဆိုင်ရာသုတေသနဦးစီးဌာန အသစ်တစ်ခုကို တိုးချဲ့ဖွဲ့စည်းပေးခဲ့ကြောင်း၊ သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး နှင့် သုတေသနကို အခြေခံသော ငါးလုပ်ငန်း စီမံခန့်ခွဲမှု လုပ်ငန်းများ ထိရောက်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ငါးလုပ်ငန်းဦးစီးဌာန နှင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်တို့အကြား သုတေသန ရန်ပုံငွေ ထူထောင်ရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်း သည် အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်တို့အကြား ပထမ ဦးဆုံး အကြိမ် Public-Private-Partnership (PPP)ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊အာဆီယံ၏ ဘုံသဘောတူညီ ချက်တစ်ခုဖြစ်သော သဘာဝပတ်ဝန်းကျင်အားမထိခိုက်စေပဲ သယံဇာတများကို ရေရှည်တည်တံ့စေမည့် အကျိုးပြု အဏ္ဏဝါစီးပွားရေး Blue Economy for the Blue Ocean ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ်းရိုးတန်း သယံဇာတများ ပြန်လည်တိုးပွားလာရေး ဆောင်ရွက်ရန် နှင့် သယံဇာတများ ကို မထိခိုက်စေပဲ စီးပွားရေးလုပ်ငန်းများကို ဟန်ချက်ညီညီဆောင်ရွက်နိုင်စေရန် သက်ဆိုင်သူအားလုံးတို့က ပူးပေါင်းလုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း။ ပင်လယ်ကမ်းရိုးတန်း အဏ္ဏဝါ သဘာဝ သယံဇာတများကို ထိခိုက်မှုမရှိစေပဲ ထုတ်ယူသုံးစွဲခြင်းဆိုင်ရာ အကောင်းဆုံး နည်းလမ်းများနှင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ငါးသယံဇာတများထိန်းသိမ်းရန်၊ ငါးထုတ်လုပ်မှုမြင့်မားစေရန်နှင့် လူတစ်ဦးချင်း ငါးစားသုံးမှု ပိုမိုမြင့်မားလာစေရန် အတွက် ဖမ်းဆီးရေးအပိုင်းသာမက မွေးမြူရေးအပိုင်းကိုလည်း ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ နှင့်အညီ တွန်းအားပေး ဆောင်ရွက်လျက်ရှိသကဲ့သို့ နည်းပညာ၊ အရင်းအနှီးများ၊ ဈေးကွက်များရရှိစေရန် ပြည်တွင်း နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကများ ပူးပေါင်း ဆောင်ရွက်မှု တို့ကို တိုးချဲ့ ဆောင်ရွက်ကြရန် လိုအပ်ကြောင်းဖြင့် ပြောကြားသည်။

     ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင် က ငါးကဏ္ဍ ဖွံ့ဖြိုးရေးကြိုးပမ်းမှုများနှင့် တိုးချဲ့ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများကို ရှင်းလင်း ပြော ကြားပြီး ငါးလုပ်ငန်းဦးစီးဌာန ၏ လုပ်ငန်းဆောင်ရွက်ခဲ့မှု မှတ်တမ်းတင်ဗီဒီယိုကို ပြသသည်။

     ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာနမှ နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်တံဆိပ်များဖြစ်သော လယ်ယာစီးပွားထူးချွန်တံဆိပ်(တတိယအဆင့်)ရရှိသူ(၄)ဦး ၊ ငါးလုပ်ငန်းဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည် ဆုများ နှင့် အားကစားထူးချွန်ဆု ရရှိသူများအား ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိ သူများ က ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ကြသည်။

     ငါးလုပ်ငန်းဦးစီးဌာနကို ၁၉၇၂ ခုနှစ်၊ မတ်လ(၁၅) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ ယနေ့ တွင် နှစ်(၅၀)ပြည့် ရွှေရတုနေ့ကို ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံ၌ ရေချို မြစ်၊ ချောင်း၊ အင်း အိုင် စုစုပေါင်းဧရိယာ ဟက်တာ (၈.၂)သန်း  ရှိပြီး (၂၈၃၂)ကီလိုမီတာ ရှည်လျားသော မြန်မာ့ပင်လယ်ကမ်းရိုးတန်း တို့ဖြင့် ရေချို ရေငန် ငါးသယံဇာတကြွယ်ဝသည့်နိုင်ငံဖြစ်သည်။ နိုင်ငံတော် အသားတင်ထုတ်လုပ်မှုတန်ဖိုး တိုးတက်ရေး အတွက် ရေလုပ်ငန်းကဏ္ဍမှ အထောက်အကူပြုပေးနိုင်ရန် ရေချို ရေငန် ငါး ပုစွန်များ နှင့် အခြား ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ အစားအစာ ဘေးကင်း လုံခြုံရေးနှင့် တန်ဘိုးမြှင့်ထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်ရေးအတွက် နည်းပညာများ ပံ့ပိုးကူညီမှု ဆောင်ရွက်ခြင်း၊ ပြည်တွင်းစားသုံးမှု ဖူလုံရေးအပြင် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေး အတွက် ငါးလုပ်ငန်းဦးစီးဌာန က ရေထွက်ကုန်ပစ္စည်းများ တစ်နှစ်ထက်တစ်နှစ် တိုးတက် ထုတ်လုပ်နိုင်ရေးလုပ်ငန်းများ အကောင်အထည် ဖော်‌ ဆောင်ရွက်နိုင်ခဲ့မှုကြောင့် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရေလုပ်ငန်းကဏ္ဍမှ ပြည်ပပို့ကုန်တန်ဖိုး US$(၈၅၃)သန်းကျော် ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် US$(၇၈၆)သန်းကျော် ရရှိခဲ့ကြောင်း၊ အခြား တစ်ဘက်တွင်လည်း မြစ်ချောင်းအင်းအိုင်များအတွင် ငါးသယံဇာတတိုးပွားရေးအတွက် ငါးမျိုးစိုက်ထည့် ခြင်း လုပ်ငန်းကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း (၂)လက်မအရွယ် ငါးသားပေါက် ကောင်ရေ သိန်းပေါင်း (၁၁၀၀)ကျော် ကို သဘာဝမြစ်ချောင်းများ အတွင်း မျိုးစိုက်ထည့်ပေး ခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ ရေပေါ်လှောင်အိမ် စနစ်ဖြင့် မြစ် ချောင်း ဆည် ကန် နှင့် သဘာဝရေပြင်ကျယ်များတွင် ငါးမွေးမြူခြင်း ဒေသနေ ပြည်သူများ လက်တွေ့လုပ်ကိုင်နိုင်ရေး အတွက် နည်းပညာနှင့်အကူအညီများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။