Skip to main content
x

သီးနှံကဏ္ဍဖွံ့ဖြိုးဖို့ စိုက်ပျိုးပညာဖြန့်ဝေစို့ ခေါင်းစဉ်ဖြင့် စိုက်ပျိုးရေးဦးစီးဌာန ၏ (၄)ကြိမ်မြောက် စာတမ်းဖတ်ပွဲ ကျင်းပ

စိုက်ပျိုးရေးဦးစီးဌာန၏ (၄)ကြိမ်မြောက် စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ (၁၇)ရက်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန် နှင့် ဦးစီးဌာနများ၊ တက္ကသိုလ်များမှ ညွှန်ကြားရေး မှူးချုပ် များ ၊ ပါမောက္ခချုပ်များ၊ နေပြည်တော် စိုက်ပျိုးရေး ဦးစီးဌာန ရုံးချုပ်ရှိ လူငယ်စွန့်ဦး ပညာရှင်များ ၊ စာတမ်းရှင်များ တက်ရောက် ကြပြီး တိုင်းဒေသကြီး ပြည်နယ်များမှ လူငယ်စွန့်ဦး ပညာရှင်များ နှင့် စာတမ်းရှင်များက အွန်လိုင်း စနစ်ဖြင့် တက်ရောက် ခဲ့ကြသည်။

     စာတမ်းဖတ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က အဖွင့်အမှာစကားပြောကြား ရာ၌ လယ်ယာ စီးပွားလုပ်ငန်း ပိုမိုတောက်ပ ကောင်းမွန်လာအောင် တီထွင်ကြံဆ လုပ်ဆောင် လိုစိတ်သည် လုပ်ငန်းအောင်မြင်ရေး အတွက် အဓိကစွမ်းအားတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သုတေသနများ ဖော်ထုတ်ခြင်း၊ တွေ့ရှိချက်များ မျှဝေဖလှယ်ခြင်း ၊ ပိုမို ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးခြင်း အပြင် သုတေသနရလဒ်များကို အသုံးပြုမည့်သူများ လက်ဝယ် ရောက်ရှိစေရေး ကိုလည်း ထည့်သွင်း ဆောင်ရွက်ရန်လိုကြောင်း၊ တောင်သူများ နှင့် သုတေသနပြုသူများအကြား လက်ဆင့်ကမ်း ပေးသည့် နည်းပညာပြန့်ပွားရေး လုပ်ငန်း ဆောင်ရွက်နေသူများ အနေဖြင့်လည်း တောင်သူများ ၏ လိုအပ်ချက် တုန့်ပြန်မှု နှင့် လက်တွေ့ မြေပြင် အခြေအနေမှန်များကို ထဲထဲဝင်ဝင်သိရှိ ဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်း ကြစေ လိုကြောင်း၊ ယင်းလုပ်ငန်းအတွက် ဒီဂျစ်တယ် ဆက်သွယ်ရေး နည်းပညာကို အကျိုးရှိ ထိရောက်စွာ အသုံးပြုရမည်ဖြစ်ကြောင်း၊ အလားတူ ပိုမိုကျယ်ပြန့်သည့် သုတေသနနှင့်ဖွံ့ဖြိုးမှု နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ဖြစ်စေရေး အတွက် ဆက်စပ်ဌာနများ ၊ ပုဂ္ဂလိကများနှင့်ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖြင့် ပြောကြားသည်။

     ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်‌ ဒေါက်တာရဲတင့်ထွန်း က စာတမ်းဖတ်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက် နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် စာတမ်းဖတ်ပွဲအကဲဖြတ် အမှတ်ပေးစည်းမျဉ်းများကို တာဝန်ရှိသူတစ်ဦးက ဖတ်ကြားတင်ပြပြီး စာတမ်းဖတ်ပွဲ အခမ်းအနား ကို ဆက်လက်ကျင်းပသည်။

     စိုက်ပျိုးရေးဦးစီးဌာန ရှိ လူငယ်ပညာရှင်များအား စိုက်ပျိုးရေး ဆိုင်ရာ သုတေသန လုပ်ငန်းများ၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ၏ အတွေ့အကြုံများကို ဝန်ထမ်း တစ်ဦးနှင့်တစ်ဦး မျှဝေ လက်ဆင့်ကမ်းနိုင်ကြစေရန်၊ တိုးတက်နေသော နည်းပညာများ အပေါ် မျက်ခြေ မပြတ်စေရန်၊ တောင်သူများထံ သုတေသနရလဒ်များ စဉ်ဆက်မပြတ် ဖြန့်ဝေပေးနိုင် စေရန်တို့ကို ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန လူငယ် စွန့်ဦး ပညာရှင်များ အဖွဲ့ (Young Scientists Initiative –YSI)က ကြီးကြပ်ပြီး စာတမ်းဖတ်ပွဲများ ဆောင်ရွက်ခဲ့ရာ ယနေ့ ကျင်းပ သည့် (၄)ကြိမ်မြောက် စာတမ်းဖတ်ပွဲကို သီးနှံကဏ္ဍဖွံ့ဖြိုးဖို့ စိုက်ပျိုးပညာဖြန့်ဝေစို့ ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရ သည်။

     မတ်လ(၁၇)ရက်နေ့မှ (၁၉) ရက်နေ့ထိ (၃)ရက် ကျင်းပမည်ဖြစ်သည့် အဆိုပါ စာတမ်း ဖတ်ပွဲ တွင် ရွက်ဖျန်းမြေဩဇာ အမျိုးမျိုးတို့၏ ဝါသီးနှံ ကြီးထွား ဖွံ့ဖြိုးမှုနှင့် အထွက်နှုန်း အပေါ် အကျိုးသက်ရောက် မှုများ စမ်းသပ်ခြင်း၊ စိုက်ပျိုးချိန်ပြောင်းလဲခြင်းအပေါ် မူတည်၍ စပါး အထွက်နှုန်းကို လေ့လာခြင်း၊ ပန်းမန် ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် Gamma ရောင်ခြည် အသုံးပြု၍ မျိုးသစ်များ ရရှိရန် ဆောင်ရွက်ခြင်း၊ ငါးအမိုင်နိုအက်ဆစ်အမျိုးမျိုးနှင့် နှုန်းထား အမျိုးမျိုး တို့၏ ဖရုံအပင် အထွက်နှုန်း အပေါ် အကျိုးသက် ရောက်မှုများအားလေ့လာခြင်း၊ ကော်ဖီပင်တွင် ယူရီးယား မြေဩဇာ ပမာဏ အမျိုးမျိုး သုံးစွဲခြင်းဖြင့် အပင်ကြီးထွားမှုကို စမ်းသပ်ခြင်း၊ ရော်ဘာပျိုးခင်း ပျိုးအိတ်အတွင်း ထည့်သွင်းသော မြေတွင် သဘာဝ မြေဆွေး နှုန်းအမျိုးမျိုး ထည့်သွင်းခြင်း အားဖြင့် ပျိုးပင်ကြီးထွားမှုနှင့် မြေအာဟာ ဓာတ်အပေါ် အကျိုး သက်ရောက်မှုကို လေ့လာခြင်း၊ ပေါ်ဆန်းရင်စပါးမျိုးများ၏ ရုပ်သွင်ပြင် လက္ခဏာ များနှင့် အထွက်နှုန်း နှိုင်းယှဉ်လေ့လာခြင်း၊ မိုးစပါး-အာလူးသီးနှံပုံစံစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ် ရရှိမှုအားလေ့လာဆန်းစစ်ခြင်း၊ ကော်ဖီ မျိုးများ၏ ရုပ်လက္ခဏာ ဖော်ပြနိုင်စွမ်းများ အပေါ် အခြေခံ၍ မြန်မာနိုင်ငံရှိအာရေးဗီးကား ကော်ဖီ (၂၉)မျိုးအား မျိုးအုပ်စု များခွဲခြားခြင်း၊ ဆီအုန်းစပ်မျိုး (Delix Yamgambi) သားဆက် မှ ဒေသရေမြေ ရာသီဥတုနှင့် သင့်တော်သော မျိုးများ အား ရွေးချယ်ခြင်း စသည့် စာတမ်းများကို စိုက်ပျိုးရေးဦးစီးဌာနရှိ ရုံးချုပ်ဌာနခွဲ အသီးသီးမှ စာတမ်းရှင်(၂၁)ဦး၊ တိုင်းဒေသကြီး ပြည်နယ်များမှ စာတမ်းရှင် (၄၁)ဦး စုစုပေါင်း စာတမ်းရှင်(၆၂)ဦး က ဖတ်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

crd# www.agri.com.mm