Skip to main content
x

ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၏ အကြိမ် (၃၀)မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ၏ အကြိမ်(၃၀)မြောက် ဘွဲ့ပေးအပ်ပွဲ အခမ်းအနား ကို မတ်လ (၂၀)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရေဆင်း တက္ကသိုလ်များ နယ်မြေရှိ အဆိုပါ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊  အမြဲတမ်း အတွင်းဝန် နှင့် ဧည့်သည်တော်များ ၊ စိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများ ၊ ဘွဲ့ရမောင်မယ်များ နှင့် မိဘ ဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။

     အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ အမိ စိုက်ပျိုးရေးတက္ကသိုလ်၏ “စိုက်ပျိုးပညာ ပြည်ရွာဖွံ့ဖြိုး” ဆိုသည့် ဆောင်ပုဒ်ကို ရင်ဝယ်ပိုက်ပြီး စိုက်ပျိုးရေးကဏ္ဍကြီး ပိုမိုဖွံ့ဖြိုး ကောင်းမွန်စေရန် အတွက် ထုတ်လုပ်မှု စွမ်းအား တိုးတက်ရေး၊ ဘေးကင်းပြီး အာဟာရ ပြည့်ဝသော စားနပ်ရိက္ခာများ တိုးတက် ထုတ်လုပ်ရေး၊ ကျေးလက်နေ ပြည်သူများ၏ လူနေမှု အဆင့်အတန်း မြင့်မားရေး၊ ဆင်းရဲ ချမ်းသာ ကွာဟမှု လျှော့ချပြီး မျှတသည့် လူ့ဘောင် အဖွဲ့အစည်းဖြစ်ပေါ်လာရေး၊ ရေရှည် တည်တံ့သော သဘာဝ ပတ်ဝန်းကျင် အဖြစ် ပိုမိုကောင်း မွန်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရမောင်မယ်များ အနေဖြင့် လယ်ယာကဏ္ဍ ၏ ထုတ်လုပ်မှု ကွင်းဆက် တစ်လျောက် တွင် မိမိတို့ ပါဝင်နိုင်သည့် အခန်း ကဏ္ဍမှ တတ်မြောက်ထားသော ပညာရပ်များ၊ ကြိုးစား လုပ်ကိုင်လိုသော လုံ့လဝီရိယ တို့ ပေါင်းစပ်ကာ အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ် ပါဝင် လုပ်ဆောင်ကြမည် ဆိုပါက မိမိတို့ အကျိုးစီးပွား ၊ တောင်သူများ၏ လူမှုစီးပွားဘဝများ တိုးတက် မြင့်မားလာမှုနှင့် အတူ အသိပညာ အခြေပြု စိုက်ပျိုးရေးစနစ် ဖြစ်ပေါ်လာပြီး ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားသည့် စိုက်ပျိုးရေး လုပ်ငန်းများ အဖြစ် ပေါ်ထွန်း လာကာ နိုင်ငံ့စီးပွားလည်း တိုးတက် စေမည်ဖြစ်၍ စိတ်အားထက်သန်စွာ သံဓိဌာန် ချမှတ်ပြီး တစ်တပ် တစ်အား ကြိုးပမ်း လုပ်ဆောင်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး ၊ စိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများ ၊ ဧည့်သည်တော်များ၊ ဘွဲ့ရ မောင်မယ်များ သည် ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် စုပေါင်းအမှတ်တရ ဓါတ်ပုံ ရိုက်ကူးကြ သည်။

     ထို့နောက် စိုက်ပျိုးရေးတက္ကသိုလ် ၏ အကြိမ်(၃၀)မြောက် ဘွဲ့ပေးအပ်ပွဲ အခမ်းအနား အစီအစဉ်ကို ဆက်လက် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ် က ဘွဲ့ရ မောင်မယ်များအား အမှာစကား ပြောကြားပြီး သက်ဆိုင်ရာဘွဲ့လက်မှတ်များ အသီးသီး ပေးအပ် ချီးမြှင့်သည်။

     ယနေ့ကျင်းပပြုလုပ်သည့် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၏ အကြိမ် (၃၀)မြောက် ဘွဲ့နှင်း သဘင် အခမ်းအနားတွင် ပါရဂူဘွဲ့(၁၆)ဦး၊ စိုက်ပျိုးရေး မဟာသိပ္ပံဘွဲ့ (၄၀)ဦး၊ စိုက်ပျိုးရေးမဟာဒဿနဘွဲ့ (၁)ဦး၊ စိုက်ပျိုးရေးသိပ္ပံဘွဲ့ (၁၇၁)ဦး တို့အတွက် ဘွဲ့လက်မှတ်များ ပေးအပ်ခဲ့ပြီး ကိုယ်တိုင် တက်ရောက် ခဲ့ကြသည့် ဘွဲ့ရမောင်မယ်များ နှင့် မိဘ ဆွေမျိုးများ စုစုပေါင်း(၃၆၀)ဦး ကျော် တက်ရောက်ခဲ့ကြကြောင်း၊ လာမည့် စာသင်နှစ်များ တွင်လည်း ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ဘေးကင်း ပျော်ရွှင်စွာ လေ့လာ သင်ယူနိုင်ရေး စီမံ ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း  သတင်းရရှိသည်။

 

crd# www.agri.com.mm