Skip to main content
x

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသန နှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D) ခေါင်းစဉ် ဖြင့် အဌမအကြိမ် ဗုဒ္ဓဟူးနေ့ စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန တွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် နိုင်ငံဝန်ထမ်းများအကြား နည်းပညာ နှင့် အတွေးအခေါ် အသစ်အဆန်းများရရှိစေရန်၊ တစ်ဦးချင်း၏ လေ့လာ မှတ်သားထားရှိချက်များအား မျှဝေဖလှယ်နိုင်ရန် ကဏ္ဍအလိုက် ခေါင်းစဉ်များ သတ်မှတ်၍ လစဉ် စကားဝိုင်းဆွေးနွေးပွဲများအား ကျင်းပခဲ့ရာ အဌမအကြိမ် အဖြစ် ယနေ့ကျင်းပ ပြုလုပ်သည့် စကားဝိုင်း ဆွေးနွေးပွဲကို “လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် သုတေသန နှင့် ဖွံ့ဖြိုးတိုးတက်ရေး(R&D) ခေါင်းစဉ်ဖြင့် ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး နှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ ပါမောက္ခချုပ်များ ၊ ဌာနဆိုင်ရာများတက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်များရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ ကျွမ်းကျင်သူပညာရှင်များ က အွန်လိုင်းစနစ်ဖြင့် ပါဝင် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာ၌ စကားဝိုင်း ဆွေးနွေးပွဲကျင်းပရခြင်းသည် သုတေသန နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ၏ တစ်စိတ်တစ်ပိုင်း ဟု ဆိုနိုင်ကြောင်း၊ နိုင်ငံတကာ တွင် အောင်မြင်နေသည့် လုပ်ငန်းများကို လေ့လာကြည့်ပါက သုတေသနအားကောင်းသည်ကို တွေ့ရှိကြရမည် ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနတိုင်းတွင် လုပ်ငန်းနှင့်သက်ဆိုင်သည့် သုတေသနလုပ်ငန်းများရှိကြောင်း၊ လက်ရှိ ဌာနအသီးသီး၏ သုတေသနလုပ်ငန်းများအတွက် ဘဏ္ဍာ ရန်ပုံငွေ သုံးစွဲမှုကို တိုးမြှင့်အသုံးပြု နိုင်ရေး နှင့် ပိုမိုကောင်းမွန်သည့် အစီအမံများ ရေးဆွဲဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပုဂ္ဂလိကများနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း၊ ယနေ့စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက် လာကြသူများအနေဖြင့်လည်း မိမိတို့အချိန်များကို လာရောက် ရင်းနှီးမြုပ်နှံ ကြခြင်းဖြစ်၍ ပိုမို ရင်းနှီးပွင့်လင်းစွာဖြင့် အကျိုးရှိထိရောက်သော စကားဝိုင်းဆွေးနွေးပွဲ ဖြစ်စေ ရေးအတွက် တက်ကြွစွာပါဝင် ဆွေးနွေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ထွေး က အစီအစဉ်မှူးအဖြစ်တာဝန်ယူဆောင်ရွက်ပြီး စိုက်ပျိုး ရေး ဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါက်တာမျိုးကျော်သူ က ဌာန၏လက်ရှိ ဆောင်ရွက် လျှက်ရှိသော သုတေသနများနှင့် ဖွံဖြိုးရေးဆိုင်ရာလုပ်ငန်းများ ရလဒ်များ၊ အဖွဲ့အစည်း အသီးသီး နှင့် ချိတ်ဆက်ဆောင်ရွက် နေမှုများ၊ သုတေသနရလဒ်များနှင့် ဖွံဖြိုးမှု ချိတ်ဆက် နေပုံများ ကိုလည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာ မှ သုတေသနမှူး ဒေါက်တာ ပပဝင်း က ဌာနတွင် ဆောင်ရွက်လျှက်ရှိသော သုတေသနနှင့် ဖွံဖြိုး တိုးတက် ရေးအတွက် ဆောင်ရွက် နေမှု အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်မှု ရလဒ်များ အား အဖွဲ့ အစည်း အသီးသီးနှင့် ချိတ် ဆက် ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အားသာချက်၊ အားနည်းချက်များကို လည်း ကောင်း၊‌ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် မှ တွဲဖက်ပါမောက္ခ ဒေါက်တာမျိုး‌ဇော် က လယ်ယာ ကဏ္ဍ ဖွံဖြိုးတိုးတက် ရေးအတွက် စိုက်ပျိုးရေးတက္ကသိုလ် YAU က ဆောင်ရွက်လျက်ရှိသော သုတေသန နှင့် သင်ကြားရေး၊ လူစွမ်းအားအရင်းအမြစ် မွေးထုတ်မှုအခြေအနေ၊ သုတေသန နှင့် ဖွံ့ဖြိုးမှု လုပ်ငန်းရလဒ်များကို အဖွဲအစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ စိုက်ပျိုးရေး တက္ကသိုလ် ၏ သုတေသန အတွက် လိုအပ် ချက် များကိုလည်းကောင်း၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာထွန်းမြင့် က မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ၏ သုတေသနနှင့် သင်ကြားရေးဌာနများ ဖွဲ့စည်းထားပုံ၊ သုတေသနနှင့် ဖွံဖြိုးမှုဆိုင်ရာ ဆောင်ရွက်မှု များ၊ ရလဒ်များအား ချိတ်ဆက် ဆောင်ရွက် နေမှုများ၊ တက္ကသိုလ်၏ သုတေသနနှင့် ဖွံဖြိုးရေး အတွက် လိုအပ်ချက်များ ကိုလည်းကောင်း ဆွေးနွေးခဲ့ကြရာ စကားဝိုင်း ဆွေးနွေးပွဲ အခမ်းအနား တက်ရောက် လာသူများ နှင့် အွန်လိုင်းမှ တက်ရောက် နေကြသူများက သိရှိလိုသည် များ ကို အပြန်အလှန်မေးမြန်းကြရာ တာဝန်ရှိ သူများက သက် ဆိုင်ရာ ကဏ္ဍများ အလိုက် ပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။