Skip to main content
x

စိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ရေး အကြို လုပ်ငန်းများ အား ကြည့်ရှုစစ်ဆေး

နိုင်ငံတော်အစိုးရအနေဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုအဖြစ် ဘက်စုံ ထောင့်စုံမှ အားပေးမြှင့်တင် ဆောင်ရွက်ပေး လျက် ရှိကြောင်း၊ ရေမြေရာသီဥတု အခြေခံကောင်းများရှိသကဲ့သို့ ကြီးမားသော အိမ်နီးချင်း ဈေးကွက်များ ရှိနေသည့် မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍ၏ ထုတ်လုပ်မှု မြင့်မားရေး နှင့် အရည်အသွေးကောင်း ထုတ်ကုန်များ တိုးတက်ထုတ်လုပ် နိုင်ရေးအတွက် ကျွမ်းကျင်သော  လူသားအရင်းအမြစ်များ လိုအပ်နေကြောင်း၊ မေလ(၉)ရက်နေ့ မွန်းလွဲပိုင်း က စိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များ ပြန်လည် ဖွင့်လှစ်ရေး အကြိုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ကပြောကြားသည်။

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အစည်းအဝေးခန်းမတွင် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့်  ညွှန်ကြားရေးမှူးချုပ် များ ၊ ပါမောက္ခချုပ်များ ဆရာ ဆရာများနှင့်တွေ့ဆုံရာ စိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ်း နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များ ပါမောက္ခချုပ် ဒေါက်တာမာမာဝင်း တို့က ကျောင်းများ စတင်လက်ခံပေးနေမှု ၊ ကျောင်းသူ ကျောင်းသား အဆောင်များ စာသင်ဆောင်များ ကျောင်းသားဦးရေ လက်ခံနိုင်မှု ပမာဏ နှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ဘေးကင်းလုံခြုံစွာ သင်ကြား သင်ယူနိုင်ရေး စီမံဆောင်ရွက်ထားမှုများကို ရှင်းလင်း တင်ပြကြသည်။

     တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးမှာကြားရာတွင် ရေဆင်း ဒေသသည် အဆင့်မြင့်ပညာသင်ကြားရေးနှင့် သုတေသနဌာနများ တည်ရှိနေပြီး စိုက်ပျိုးပညာ ပြည်ရွာဖွံ့ဖြိုး ၊ မွေးမြူဆေးကု တိုင်းပြည်ပြု ဆောင်ပုဒ်များနှင့်အညီ အဆင့်မြင့် ပညာရပ်များ မွေးထုတ်ပေးသည့် ရပ်ဝန်းတစ်ခုဖြစ်သည့် အားလျော်စွာ တက္ကသိုလ်များ အနေဖြင့် စာတွေ့လက်တွေ့ သင်ကြားရေး၊ လေ့ကျင့်ရေး၊ သုတေသန လုပ်ငန်းများကို တိကျသော အချိန်ဇယားခွဲဝေမှုပုံစံဖြင့် စနစ်တကျ သင်ကြားပေး ကြရန် လိုကြောင်း ၊ အလားတူ အင်တာနက်များ ကောင်းမွန်စွာ အသုံးပြုနိုင်ပြီး တက္ကသိုလ်များ အချင်းချင်း ချိတ်ဆက်၍ နည်းပညာဖလှယ်နိုင်ရေး၊ ရာသီအလိုက် အားကစားပြိုင်ပွဲများ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုအခြေခံသည့် အခမ်းအနားများ ၊ ကျပန်းစကားပြောပွဲများ စသည်တို့ ဆောင်ရွက်ပေးပြီး ပတ်ဝန်းကျင် နှင့် သဟဇာတညီစွာ ဝင်ဆံ့သည့် ဘက်စုံထူးချွန်သူများ ဖြစ်စေရေး စနစ်တကျစီမံဆောင်ရွက် ကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ နှင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်ကျော်လွှားပြီး ဆရာသမားကောင်းများ ပီသစွာ အားထုတ် ကြိုးပမ်း ဆောင်ရွက်နေမှုများ အပေါ် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် စာသင်ဆောင်များ၊ လက်တွေ့ ဆောင်များ၊ သုတေသနဓါတ်ခွဲခန်းများ ၊ စာကြည့်တိုက် နှင့် စားရိပ်သာများ၊  ကျောင်းသားကျောင်းသူ အဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျောင်းများ ပိတ်ထားခဲ့ရသဖြင့် ဆုံးရှုံးခဲ့ရသော စာသင်ကာလများ အစားထိုးဖြည့်ဆည်း ပေးနိုင်ရန် စီမံဆောင်ရွက်မှုကြောင့် သင်ကြားမှု သင်ယူမှု အရည် အသွေး ထိခိုက်မှု မရှိစေရေး၊ ကျောင်းတက်ရန် အခက်အခဲရှိသည့် ကျောင်းသား ကျောင်းသူများ ကျောင်းတက်နိုင်ကြရန် တတ်နိုင်သည့်ဘက်က ကူညီဖြည့်ဆည်းပေးရန် လိုအပ်ချက်များ ၊ ဆရာ ဆရာမများ ဝန်ထမ်းများ၏ မိသားစုများ နေရေး စားရေး ကျန်းမာရေး နှင့် သက်သာချောင်ချိရေး ဆိုင်ရာများ ကို တာဝန်ရှိသူများ အား ဆွေးနွေးမှာကြားခဲ့သည်။

     ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများသည် ရေဆင်းဆည်သို့ ရောက်ရှိကြပြီး ရေဆင်းဆည်ရေသောက် အတွင်း သီးနှံများ စိုက်ပျိုးထုတ်လုပ်နေမှု နှင့် ဆည်ရေပေးဝေနေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီး က တောင်သူ အတွက် ဝင်ငွေအများဆုံး သီးနှံပုံစံ ဖော်ထုတ်ပေးရေး၊ မြေဆီဩဇာထက်သန်ရေး၊ သဘာဝ မြေဩဇာ၊ ဓါတ်မြေဩဇာများ စနစ်တကျ အသုံးပြုရေး၊ တစ်နှစ် (၂)သီးစားမှ (၃)သီးစား အထိ တိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စိုက်ကွင်းများ ရေသွင်း ရေထုတ် မှန်ကန်ရေး နှင့် ရေတင်နည်း မျိုးစုံဖြင့် စိုက်ပျိုးရေအသုံးပြုနိုင်ရေး၊ ဒေသစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ရေး အတွက် တက္ကသိုလ်များ သုတေသန ဌာနများ နှင့် သက်ဆိုင်ရာဦးစီးဌာနများ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာများကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

 

 

crd ... www.agri.com.mm