Skip to main content
x

ရှမ်းပြည်နယ် ၏ ကော်ဖီ နှင့် လက်ဖက် စိုက်ပျိုး ထုတ်လုပ်မှု ကွင်းဆက်တလျှောက် အားကောင်း လာစေရေး အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ နှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်

ရှမ်းပြည်နယ် ၏ ကော်ဖီ နှင့် လက်ဖက် စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တလျှောက် အားကောင်းလာစေရေး အတွက် ပြည်ထောင်စုဝန်ကြီး ဌာနများ နှင့် ပြည်နယ် အစိုးရတို့ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ(၆)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ ရှိ တောင်ကြီး ဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးရာ၌ ကော်ဖီကို စီးပွားဖြစ် ထုတ်ကုန်တစ်ခုအဖြစ် ဆောင်ရွက်ရန် ရွာငံ၊ နောင်ချို ၊ ပင်လောင်း၊ ဟိုပုံး စသည့် ကော်ဖီအဓိက စိုက်ပျိုးနေသည့် ဒေသများရှိ တောင်သူ အစုအဖွဲ့များကို အားပေးပြီး ကော်ဖီ စိုက်ပျိုး သည့် ဧရိယာတိုးချဲ့ရေး၊ ဒေသနှင့်သင့်တော်ပြီး ဈေးကွက်က နှစ်သက် လိုလား သည့် ကော်ဖီမျိုးများ ရွေးချယ်စိုက်ပျိုးရေး၊ အထူးတန်းဝင် ကော်ဖီရရှိရေးအတွက် ထုတ်လုပ်မှု ဆိုင်ရာနည်းစနစ်များ အဆင့်မြှင့်တင်အသုံးပြုရေး၊ အလားတူ အရည်အသွေးကောင်း လက်ဖက်စို လက်ဖက်ခြောက်များ ထွက်ရှိရေး နှင့် လက်ဖက်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရန် စိုက်စနစ်များ၊ စိုက်ခင်းပုံစံများ၊ မျိုးများ စနစ်တကျ ပြန်လည် ဆောင်ရွက်ပေးရေး ဆိုင်ရာ ကိစ္စရပ်များ၊ ရှမ်းပြည်နယ် ၏ အဓိကထုတ်ကုန်တစ်ခုဖြစ်သော ပြောင်းဖူးသီးနှံ နှင့် တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် ထုတ်လုပ်မှု မြှင့်တင်ရေး၊ ပြောင်းဖူးစိုက်ပျိုး ထုတ်လုပ်ရာတွင် ရိတ်သိမ်းချိန်လွန် နည်းပညာ အသုံးပြုနိုင်ရေး၊ ဆီထွက် သီးနှံများ တိုးချဲ့ စိုက်ပျိုးပြီး ရှမ်းပြည်နယ်ကို မြန်မာနိုင်ငံ၏ တတိယ ဆီအိုးကြီးအဖြစ် အကောင်အထည်ဖော်ဆောင်ရေး ဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ကျေးလက်ဒေသနေပြည်သူများ၏ ဝင်ငွေ တိုးတက်ရေး၊လူမှုစီးပွားမြှင့်တင်နိုင်ရေးအတွက် တောင်သူများစိုက်ပျိုးထွက်ရှိလာသည့် ကော်ဖီ သီးနှံများ ရောင်းဝယ်ဖောက်ကားခြင်း၊ ပြုပြင်ထုပ်ပိုးခြင်း၊ တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန က ဖြည့်ဆည်း ကူညီပေးသွားမည့် အခြေ အနေများ၊ ကော်ဖီ စိုက်ပျိုးထုတ်လုပ်သူများ နှင့် လက်ဖက် စိုက်ပျိုး ထုတ်လုပ်သူ တောင်သူများ ကုန်ထုတ် သမဝါယမအသင်းများ ဖွဲ့စည်း ဆောင်ရွက်နိုင်ရေး၊ သမဝါယမ ချေးငွေဖြင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်မည့် အခွင့်အလမ်း များကို ဆွေးနွေး ပြောကြားသည်။

     ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း နှင့် အစည်းအဝေး တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများ အလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။

မြန်မာ့ကော်ဖီကို အရည်အသွေးမြင့်မြင့်ဖြင့် ကမ္ဘာ့ဈေးကွက်တွင် ထိုးဖောက်နိုင်ရေး နှင့် ပြည်ပသို့ အဓိကတင်ပို့သည့် ကုန်စည်တစ်ခု ဖြစ်စေရေး အတွက်  ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ၊ ရောင်းဝယ်ဖောက်ကားမှု၊ ပြုပြင်ထုပ်ပိုးမှု၊ ရင်းနှီးမြုပ်နှံမှု၊ ပြည်ပ ဈေးကွက်ချိတ်ဆက်မှု စသည့် ကွင်းဆက် တလျှောက် အရှိန်အဟုန်ကောင်းစွာ ဖွံ့ဖြိုးလာစေရန် ကော်ဖီဗဟိုအဖွဲ့ကို ဆက်စပ်ဝန်ကြီးဌာနများ၊ ကော်ဖီ စိုက်ပျိုး ထုတ်လုပ်သည့် တိုင်းဒေသကြီး ပြည်နယ်အစိုးရများ ဖြင့် ပေါင်းစပ် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ ကော်ဖီအသင်း ဥက္ကဌ ၊ ကော်ဖီထုတ်လုပ် ရောင်းဝယ် တင်ပို့သူများအဖွဲ့ နှင့် ကော်ဖီစိုက်ပျိုးသူ အဖွဲ့များစသည့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း၊ ကော်ဖီဗဟိုအဖွဲ့ အနေဖြင့် ကော်ဖီစိုက်ဧရိယာ တိုးချဲ့ရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ် အသုံးပြုရေး၊ အထွက်နှုန်း တိုးတက်ရေး နှင့်အတူ အထူးတန်းဝင် အရည်အသွေးကောင်း ကော်ဖီထုတ်လုပ်ရေး နှင့် ပြည်ပဈေးကွက် တိုးချဲ့ရေးကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ရွာငံဒေသတွင် ကော်ဖီစိုက်ဧက(၇၀၀၀) ကျော် ၊ နောင်ချိုဒေသတွင် ကော်ဖီစိုက် ဧက (၁၀၀၀၀)ကျော် ရှိကာ ရှမ်းပြည်နယ် ၌ စုစုပေါင်းကော်ဖီစိုက်ဧရိယာ ဧက(၂၇၀၀၀)ကျော်ရှိသည့် အတွက် တစ်နိုင်ငံလုံးကော်ဖီစိုက် ဧရိယာ၏ ထက်ဝက်ကျော် ရှိနေပြီး ကော်ဖီတိုးတက်စိုက်ပျိုး ထုတ်လုပ်ရန် အခြေခံကောင်းများ ရှိနေကြောင်း သိရသည်။

ညနေပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးများ ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ဟိုပုံး မြို့နယ်၊ လုံဟေးကျေးရွာ ကော်ဖီစိုက်ခင်းအနီးတွင် မြန်မာနိုင်ငံကော်ဖီအသင်းမှ တာဝန်ရှိ သူများ၊ ကော်ဖီအစုအဖွဲ့ကိုယ်စားလှယ်များ၊ လုံဟေး၊ တုတ်စောက်၊ တမ်းဖုရား၊ ငိုချီးကျေးရွာ များမှ ကော်ဖီစိုက်တောင်သူများအားတွေ့ဆုံ၍ လက်ရှိကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နှင့် ဈေးကွက်အခြေအနေ များ၊ အထူးတန်းဝင် ကော်ဖီ တိုးချဲ့ စိုက်ပျိုးရေးအတွက် ဝန်ကြီးဌာန၊ ပြည်နယ်အစိုးရ နှင့် ကော်ဖီစိုက်တောင်သူများ က သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုးပမ်း ဆောင်ရွက် ရန် လိုအပ် ချက်များ၊ ကျေးလက်ဒေသနေပြည်သူများ၏ မိသားစုဝင်ငွေ တိုးတက် စေရေး အတွက် အိမ်တွင်းမှု လုပ်ငန်းများ ဆောင်ရွက် ရန် သင်တန်းများစီစဉ်ပေးခြင်း နှင့် လုပ်ငန်းလည်ပတ်ရန် ပံ့ပိုးမှုများ ဆောင်ရွက်ပေးနေမှုတို့ကို  ရင်းနှီးခင်မင်စွာ ဆွေးနွေးကြပြီး ဒေသနေ ပြည်သူများ၏ ကုန်ထုတ်လမ်း နှင့် ကျေးလက်လမ်း ရရှိရေး ၊ လျှပ်စစ်မီးအသုံးပြု နိုင်ရေး တင်ပြချက်များ အပေါ် ဖြည့်ဆည်း ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးများ နှင့် ပြည်နယ်ဝန်ကြီးချုပ် တို့က အရည်အသွေး ကောင်း ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးအတွက် လိုအပ်သော အထောက်အကူပြု ပစ္စည်းများကို ပေးအပ်ကြရာ ကော်ဖီအစုအဖွဲ့ကိုယ်စားလှယ်များက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြော ကြားခဲ့ကြသည်။

     ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည်  ဟိုပုံးမြို့ အလင်းပွင့်ကော်ဖီစေ့သန့်စင်စက်ရုံသို့ရောက်ရှိကြပြီး ကော်ဖီအခွံချွတ်စက် ၊ ကော်ဖီစေ့သန့်စင် စက်များဖြင့် ကော်ဖီစေ့ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

crd; www.agri.com.mm