Skip to main content
x

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးမှာကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ ရောက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုးနှင့် ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးတို့က သီးနှံမျိုးများဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စပါး၊ နေကြာ၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲပုပ်၊ မတ်ပဲ၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ အစေ့ထုတ် စပ်မျိုးပြောင်း၊ ဆပ် သီးနှံ၊ နှံစားပြောင်း၊ ချည်မျှင်ရှည်ဝါ၊ ကြံနှင့် ခရမ်းချဉ် စသည့် စိုက်ပျိုးရေးသီးနှံများအလိုက် မျိုးသန့်ပွားများခြင်းနှင့် မျိုးစေ့ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း သီးနှံမျိုးစေ့များ ဖြန့်ဝေပေးနိုင်မှု အခြေအနေများ၊ နှစ်ရှည်သီးနှံများ၊ ရာသီသီးနှံများနှင့် စက်မှုသီးနှံများ မျိုးကောင်းမျိုးသန့်ရရှိရေး သုတေသနပြု ဆောင်ရွက်နေမှု၊ ရာသီဥတုနှင့် လိုက်လျောညီထွေရှိပြီး သီးနှံအလိုက်၊ ဒေသအလိုက် သင့်လျော်သောစိုက်နည်းစနစ်များ ဖော်ထုတ်ခြင်း သုတေသနလုပ်ငန်းများဆောင်ရွက်နေမှု၊ အပင်အာဟာရပြည့်ဝစွာရရှိရေး ဇီဝမြေဩဇာများ၊ ဓာတ်မြေသြဇာများအသုံးပြု၍ စမ်းသပ်စိုက်ပျိုးခြင်းနှင့် မြေဆီလွှာထိန်းသိမ်းခြင်းဆိုင်ရာ သုတေသနပြုဆောင်ရွက်နေမှု၊ ပိုးမွှားရောဂါဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု၊ သီးနှံပုံစံဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အပင်ဇီဝနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်နေမှု၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စက်မှု၊ စိုက်ပျိုးရေးနှင့် အသက်မွေးပညာ သင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားနေမှု၊ ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲများ ဖွင့်လှစ်သင်ကြားပေးနေမှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး ဒီပလိုမာသင်တန်းများ ဖွင့်လှစ်သင်ကြားနေသည့် အခြေအနေများနှင့် ဆီထွက်သီးနှံစိုက်ပျိုးနှင့် စားသုံးဆီများ ထုတ်လုပ်နေမှုနှင့် ပြည်တွင်းသုံးစွဲမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်တင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က သုတေသနလုပ်ငန်း (Research and Development) သည် နိုင်ငံတစ်ခုအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်း ဆောင်ရွက်သည့် အဖွဲ့အစည်းများနှင့် ကမ္ဘာ့နိုင်ငံများတွင် သုတေသနလုပ်ငန်းများကို အားပေးဆောင်ရွက်ကြသကဲ့သို့ မိမိတို့နိုင်ငံအတွက်လည်း အရေးကြီးလိုအပ်ချက်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ကြကြောင်း၊ စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများလည်းရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ဂျီဒီပီသည် စိုက်ပျိုးရေးလုပ်ငန်းမှ များစွာအထောက်အကူပြုကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ အထွက်နှုန်းကောင်းမွန်ရန်နှင့် အရည်အသွေးကောင်းမွန်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် သုတေသနလုပ်ငန်းများဖြင့် မျိုးကောင်းမျိုးသန့်များရရှိအောင် ဆောင်ရွက်ကြရခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် မျိုး၊ မြေ၊ ရေ၊ နည်းလေးမျိုးမှာ အဓိကလိုအပ်ချက်ဖြစ်ကြောင်း၊ မျိုးကောင်းရန်၊ အာဟာရပြည့်ဝသည့် မြေဩဇာရရှိရန်၊ ရေလုံလောက်စွာရရှိရန်နှင့် နည်းစနစ်ကောင်းမွန်စွာဖြင့် စိုက်ပျိုးနိုင်ရန်လိုကြောင်း၊ အဆိုပါအချက်များအပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြားသွားခြင်းပင်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးသုတေသနလုပ်ငန်းသည် နိုင်ငံအတွက် အဓိကလိုအပ်ချက်ဖြစ်ကြောင်း ပြနေသဖြင့်အရေးကြီးကြောင်း။

အနှံနှင့်ပတ်သက်၍ စပါး၊ လူး၊ ဆပ် တို့ရှိရာတွင် စပါးသည် အဓိကလိုအပ်ချက်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စပါးမျိုးပေါင်းများစွာရှိပြီး ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးများကို စိုက်ပျိုးနိုင်ရန်လိုကြောင်း၊ ပင်လယ်ရေငန်ဒဏ်ခံနိုင်သည့်၊ ရာသီဥတုဒဏ်ခံနိုင်သည့် မျိုးကောင်းမျိုးသန့်များရရှိအောင် သုတေသနပြု ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ အထွက်နှုန်းကောင်းမွန်ပြီး အရည်အသွေးပြည့်မီသည့် မျိုးများလည်းဖြစ်ရန်လိုကြောင်း၊ အော်ဂဲနစ်နည်းပညာများဖြင့် သီးနှံများစိုက်ပျိုးနိုင်ရန် လိုအပ်ကြောင်း။

အထွက်နှုန်းကောင်းမွန်ရန်အတွက် မြေဩဇာများ ပြည့်ဝစွာရရှိရန်လိုအပ်သဖြင့် မြေဩဇာများဝယ်ယူရရှိရေးနှင့် ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသည် ဒွန်တွဲလျက်ရှိပြီး အပြန်အလှန် အကျိုးပြုလျက်ရှိကြောင်း၊ စိုက်ပျိုးရေးမှ ထွက်ရှိသည့် ထွက်ကုန်များသည် တိရစ္ဆာန်အစားအစာများပြုလုပ်၍ရသကဲ့သို့ မွေးမြူရေးတိရစ္ဆာန်များမှ ထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများကို ဇီဝမြေဩဇာအဖြစ် အသုံးချ၍ရကြောင်း၊ မြေဩဇာများ ထုတ်လုပ်နိုင်ရေး သုတေသနလုပ်ငန်းများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။

ရေသုံးစွဲမှုနှင့်ပတ်သက်၍ အချို့သည် ရေများကို အဟောသိကံ အသုံးပြုလျက်ရှိကြောင်း၊ ရေကိုစနစ်တကျဖြင့် အသုံးချရန်လိုကြောင်း၊ အချို့နေရာများတွင် ရေလုံ လောက်စွာမရရှိသဖြင့် စိုက်ပျိုးမှုမဖြစ်ထွန်းသည့် နေရာများရှိသဖြင့် ရေပေးဝေရေးစနစ်များ ကောင်းမွန်စေရေး ဆောင်ရွက်ရန်လိုကြောင်း၊ အချို့နိုင်ငံများတွင် ရေရှားပါးသော်လည်း ရေအစက်ချစနစ်များကို အသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေး လုပ်ငန်းများအတွက်လိုအပ်သည့် ရေနှင့်မြေများ လုံလောက်စွာရှိသော်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးနေသေးသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ရေကိုအကျိုးရှိစွာ အသုံးချနိုင်ရေး သုတေသနလုပ်ငန်းများဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း။

စိုက်နည်းစနစ်များ ကောင်းမွန်မှသာအထွက်နှုန်းများ ကောင်းမွန်မည်ဖြစ်ကြောင်း၊ စပါးများစိုက်ပျိုးရာတွင် ကောက်ကွက်များပြည့်မီရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ဧက ၃၃ သန်းရှိပြီး စပါးစိုက်ပျိုးမှုအနေဖြင့် မိုးစပါးစိုက်ဧက ၁၄ သန်းကျော်နှင့် နွေစပါးစိုက်ဧက ၃ သန်းခန့်ရှိကြောင်း၊ အဆိုပါမြေများပေါ်တွင် စိုက်ပျိုးရေး လုပ်ငန်းများကို သီးထပ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဆိုပါက စပါးထွက်ရှိမှုများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေးပညာရှင်များ လိုအပ်ကြောင်း။ ။

မွေးမြူရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါး တို့ကို အဓိကစားသုံးကြကြောင်း၊ ၎င်းတို့အတွက် မွေးမြူရေးပညာရှင်များလည်း လိုအပ်ကြောင်း၊ ကြက်မွေးမြူရေးလုပ်ငန်းများတွင် လိုအပ်ချက်များများစွာရှိကြောင်း၊ မွေးမြူရေး လုပ်ငန်းများ၌ လှောင်မွေးသည့်စနစ်၊ လွှတ်မွေးသည့်စနစ်နှင့် လှန်မွေးသည့်စနစ် သုံးမျိုးရှိပြီး လှောင်မွေးသည့် စနစ်သည် အကောင်းဆုံးဖြစ်ကြောင်း၊ တိရစ္ဆာန်များကို အစာပြည့်ဝစွာကျွေးမွေးပြီး စနစ်တကျဖြင့် မွေးမြူရန်လိုကြောင်း၊ အခြေခံကျသည့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မွေးမြူရေးပညာရှင်များနှင့် မွေးမြူရန်လိုကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ချိန်တွင် စိုက်ပျိုးမွေးမြူရေးပညာရှင်များ မွေးထုတ်နိုင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများ၊ ကောလိပ်နှင့်တက္ကသိုလ်များတိုးချဲ့ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင်လည်း စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့် တက္ကသိုလ်များ၊ ကောလိပ်များသည် မိမိတို့နိုင်ငံထက် များပြားသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သော်လည်း စိုက်ပျိုးရေးတက္ကသိုလ် တစ်ခုသာရှိပါကြောင်း၊ စိုက်ပျိုးရေးပညာရှင်များ များစွာမွေးထုတ်ပေးရန် လိုနေသေးကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့် ပညာရှင်များမွေးထုတ်ပေးနိုင်မည်ဆိုပါက မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ လုံလောက်စွာ ရရှိမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ခရိုင်များတိုးချဲ့ ဖွဲ့စည်းလျက်ရှိပြီး ခရိုင်များအလိုက် နည်းပညာဆိုင်ရာ သင်တန်းကျောင်းများ ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထူးချွန်သူများကိုလည်း အဆင့်မြင့်ပညာများ ဆက်လက်သင်ကြားနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။ ဆီဖူလုံရေးနှင့်ပတ်သက်၍ စက်သုံးဆီနှင့် စားသုံးဆီများကို ပြည်ပမှနှစ်စဉ် တင်သွင်းနေရမှုများရှိကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီစားသုံးမှုချွေတာခြင်းနှင့် ထုတ်လုပ်မှုတိုးမြှင့်အောင် ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးမြေများ လုံလောက်စွာရှိပြီးဖြစ်ကြောင်း၊ လူတစ်ဦးချင်းတစ်ရက်ဆီစားသုံးမှု အနေဖြင့် ၂ ဒသမ ၂၅ ကျပ်သား ရှိပြီး တစ်နိုင်ငံလုံးတစ်နှစ်လျှင် ဆီတန်ချိန်လိုအပ်မှုမှာ တန်ချိန် ၆ သိန်းမှ ၇ သိန်း ခန့်ဖြစ်သော်လည်း ပြည်တွင်းဆီထုတ်လုပ်မှုမပါ နှစ်စဉ်ပြည်ပမှ ဆီတန်ချိန် ၈ သိန်းမှ ၉ သိန်းအထိတင်သွင်းနေရသဖြင့် ဆီစားသုံးမှုများ များပြားနေသည်ကိုတွေ့ရှိရကြောင်း။

ဆီထွက်သီးနှံဖြစ်သည့် ပဲပုပ်များစိုက်ပျိုးနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းပဲပုပ်စိုက်ပျိုးမှုကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းဆီထုတ် လုပ်မှုတိုးတက်လာမည်ဖြစ်သကဲ့သို့ တိရစ္ဆာန်အစာအတွက် ပြည်ပမှ ပဲပုပ်ကြိတ်ဖတ် များတင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အလားတူ နေကြာစိုက်ပျိုးမှုများကို ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ပြည်တွင်း၌ ဆီထွက်သီးနှံများကို တိုးမြှင့်စိုက်ပျိုး ဆောင်ရွက်သွားမည်ဆိုပါက ပြည်တွင်းဆီဖူလုံမှုကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံဖြစ်သည့် မြေပဲနှင့် နှမ်းတို့ကို အခြားနည်းများဖြင့် စားသုံးမှုများရှိသဖြင့် အခြားဆီထွက်သီးနှံများကို ဦးစားပေးစိုက်ပျိုး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် နှမ်းနှင့်ပဲပုပ်များသည် ပြည်ပသို့တင်ပို့နိုင်ကြောင်း၊ စပါးမျိုးနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံရှိ ကောင်းမွန်ပြီးဖြစ်သည့် ပေါ်ဆန်းမွှေး ကဲ့သို့သော စပါးမျိုးကောင်းများကို ထိန်းသိမ်းဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း၊ ထို့အတူကောက်ညှင်းသည်လည်း မိမိတို့နိုင်ငံတွင် သာမက တရုတ်၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့တွင်လည်း စားသုံးမှုများပြားကြောင်း၊ ထို့ကြောင့် ကောက်ညှင်းစိုက်ပျိုးမှု တိုးတက်စေရေး သုတေသနပြု ဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းသည် နိုင်ငံအတွက်အရေးကြီးသည့် အသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်ကြောင်း၊ နိုင်ငံအတွက်အကျိုးရှိသည့် သုတေသနလုပ်ငန်းများကို စနစ်တကျဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်၍ စိုက်ပျိုးရေး ထုတ်ကုန်များ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်ရေးအတွက် စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စိုက်ပျိုးရေး သုတေသနဦးစီးဌာနဝန်ထမ်းများကို သုတေသနအောင်မြင်မှုများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

အဆိုပါစိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနကို ၁၉၅၄ ခုနှစ်တွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းတွင် လယ်ယာစိုက်ပျိုးခြင်း သုတေသနဗိမာန်အမည်ဖြင့် စတင်တည်ထောင်ခဲ့ကြောင်း၊ ၁၉၇၁ ခုနှစ်တွင် ပျဉ်းမနားမြို့နယ်၊ ရေဆင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့ကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သုတေသနဗဟိုဌာန ၇ ခု၊ သုတေသန ခြံ/စခန်း ၂၂ ခုဖွင့်လှစ်ထား၍ သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ၁၉၅၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ သီးနှံမျိုးစုံ ၂၅၃ မျိုးကို ထုတ်ဝေပေးနိုင်ခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်ကာလအတွင်း သီးနှံမျိုးစုံ ၃၇ မျိုး သုတေသနပြုထုတ်လုပ်နိုင်ခဲ့ပြီး ဆက်လက်ထုတ်ဝေသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ မျိုးစေ့ဘဏ်ကို ၁၉၉၀ ပြည့်နှစ်တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ သဘာဝအပင်မျိုးဗီဇများကို စနစ်တကျထိန်းသိမ်းပြီး စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစေရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အပင်မျိုးဗီဇ အရင်းအမြစ်များကို ရေရှည်တည်တံ့အောင် စနစ်တကျအသုံးချဆောင်ရွက်ရန် ရည်ရွယ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စပါး၊ စပါးရိုင်း၊ ပဲမျိုးစုံသီးနှံများ၊ နှံစားသီးနှံများ၊ ဆီထွက်သီးနှံများနှင့် ဟင်းသီးဟင်းရွက်နှင့် အခြားသီနှံများ အပင်မျိုးဗီဇ စုစုပေါင်း ၁၂၈၃၈ မျိုးကို ထိန်းသိမ်းထားရှိပြီး စတင်ဖွင့်လှစ်ချိန်မှ ယနေ့အချိန်အထိ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများသို့ သီးနှံဗီဇအရင်းအမြစ် စုစုပေါင်း ၂၄၇၇၇ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

 

crd; www.moali.gov.mm