Skip to main content
x

(၂၂) ကြိမ်မြောက် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးကျင်းပ

နိုင်ငံတော်၏ အထူးစီမံကိန်းများဖြစ်သော ဝါသီးနှံ နှင့် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိစိုက်ပျိုးနေသော မျိုးများအပြင် ပြည်ပ မှ မျိုးသစ်များ တင်သွင်းနိုင်ရေးကို မျိုးစေ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်းမျိုးစေ့ကုမ္ပဏီများ၊ လုပ်ငန်းရှင် များ၊ အကျိုးဆောင် တောင်သူများ နှင့် ပူးပေါင်း၍ အရည်အသွေးကောင်းမျိုးစေ့များ မျိုးသန့်မျိုးပွား ထုတ်လုပ်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ ဇွန်လ (၂၃)ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ၏  (၂၂) ကြိမ်မြောက် အစည်းအဝေး တွင် ကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

     အစည်းအဝေးတွင် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေး မှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ယနေ့  ကျင်းပ ပြုလုပ်သည့် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ၏ (၂၂)ကြိမ်မြောက် အစည်းအဝေး  တွင် သီးနှံကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်း အဖွဲ့များ(Technical Working Groups, TWGs) နှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ (Technical Seed Committee, TSC) တို့က မျိုးစေ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်စိစစ်ပြီး သဘောထား မှတ်ချက်များဖြင့် တင်ပြလာသော စမ်းသပ်စိုက်ပျိုး သီးနှံ (၈)မျိုး၏ မျိုးသစ်မျိုးကွဲ (၁၈)မျိုးနှင့် အချက်အလက် ပြည့်စုံစွာ စုစည်းတင်ပြလာသော သီးနှံ(၁၀)မျိုး၏ မျိုးသစ်မျိုးကွဲ (၂၅)မျိုး၊ စုစုပေါင်း (၄၃)မျိုး တို့ကို မျိုးသစ်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရေး အတွက် စိစစ်ဆွေးနွေးရမည့် လုပ်ငန်းများကို တင်ပြရာ အစည်းအဝေး တက်ရောက်လာကြသည့် မျိုးစေ့ ဆိုင်ရာ အမျိုးသားကော်မတီဝင်များက လုပ်ငန်းတစ်ခုခြင်းအလိုက် ဆွေးနွေးဆောင်ရွက်ခဲ့ကြ သည်။

     ဌာနများ အဖွဲ့အစည်းများ နှင့် ကုမ္ပဏီများက တင်ပြလာသော အပင်မျိုးသစ်များကို မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ အစည်းအဝေးများ က စိစစ်သုံးသပ်ပြီး မျိုးသစ်အသိအမှတ်ပြု လက်မှတ်များထုတ်ပေးလာလျက်ရှိရာ (၂၁)ကြိမ်မြောက်အစည်းအဝေး အထိ သီးနှံ(၇၆)မျိုး၏ မျိုးကွဲ(၁၃၆၀)မျိုး နှင့် မိဘမျိုးလိုင်း(၁၆၈)စုံ၊ စုစုပေါင်း(၁၅၂၈)မျိုး ကို စိစစ်ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း။ နိုင်ငံတကာမှ တောင်သူများ နည်းတူ အသစ်ထွက်ပေါ်လာသော မျိုးသစ်မျိုးပြားများ ကို အချိန်နှင့်တပြေးညီ အသုံးပြုနိုင်ရန် မျိုးသစ်များ မှတ်ပုံတင်နိုင်ရေးအတွက် စီမံဆောင်ရွက်ပေး လျက် ရှိသကဲ့သို့ မျိုးစေ့တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်း လုပ်ငန်းများအတွက် အချိန် နှင့် စရိတ်သက်သာစေပြီး ပွင့်လင်းမြင်သာမှုရှိသော အွန်လိုင်းစနစ် ဖြင့် မှတ်ပုံတင်ခြင်း ကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သတင်းရရှိ သည်။