Skip to main content
x

စိုက်ပျိုးရေ အညီအမျှ သုံးစွဲ နိုင်ရေး အတွက် ရေအသုံးချသူများ အဖွဲ့ (WUG) များ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်

လုပ်ကွက်ငယ် မွေးမြူရေးတောင်သူများကို နည်းပညာပေးခြင်း၊ ပူးပေါင်းလက်တွဲ ဆောင်ရွက်ခြင်း၊ အစာကျွေးမွေးမှု၊ အဟာရပြည်ဝစေမှု အပါအဝင် မွေးမြူမှုစနစ်များ နှင့် ရောဂါထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများကို မွေးမြူ ထုတ်လုပ်မှု ကွင်းဆက် တလျှောက်တွင် ဟန်ချက်ညီညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊  စက်တင်ဘာလ (၁၀)ရက်နေ့က မကွေးတိုင်းဒေသ ကြီး၊ မြို့သစ်မြို့နယ်ရှိ Good Brother’s Co.Ltd၏မွေးမြူရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေးပြီးနောက်  မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ပြောကြားသည်။

ဆက်လက်၍ Good Brother’s Co.Ltd တာဝန်ရှိသူမှ နွာစာ စိုက်ပျိုးမှု၊ ရိတ်သိမ်းမှု၊ ထုတ်လုပ်မှု၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပူပေါင်း၍ ဒေသတွင်း ကာကွယ် ဆေးထိုးခြင်း၊ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အကျိုးတူ နွားမွေး ဖက်ပေးခြင်း၊ ခိုင်းနွား အငှား ချထားပေးခြင်း အခြေအနေများကို တင်ပြပြီး နေဗီယာ မြက်စိုက်ပျိုးထားရှိမှု၊ ဒေသနွားများမွေးမြူထားရှိမှုနှင့် နွားနောက် မွေးမြူထားရှိမှု တို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

အလားတူ မကွေးမြို့နယ်၊ ကန်လှကျေးရွာ၊ တောင်သူဦးဇော်မင်း၏ လယ်မြေတွင် Good Brother’s Co.Ltdနှင့်တောင်သူများ အကျိုးတူ စိုက်ပျိုးထားသည့် နေကြာသီးနှံ (အိန္ဒိယမျိုး) စိုက်ပျိုးခင်းသို့ရောက်ရှိပြီး ဒေသခံများနှင့်တွေ့ဆုံ၍ အကျိုးတူ ကန်ထရိုက် လယ်ယာစနစ်ကို အခြေပြုလျက် မျိုးစေ့ သွင်းအားစု နှင့် နည်ပညာများ ချေးငွေများ လက်လှမ်းမီလာစေရေးနှင့် ကောင်းမွန်ခိုင်မာသော စျေးကွက် ရရှိရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊  အဖွဲ့အစည်းများ နှင့် ချိတ်ဆက် ဆောင်ရွက် လိုအပ်ချက်များကို ဒုတိယဝန်ကြီးက ဆွေးနွေး ပြောကြားကာ နေကြာမျိုးစေ့ထုတ် စိုက်ခင်း နှင့် နှမ်းသီးနှံ စုပေါင်းရောင်းချပွဲကိုကြည့်ရှု အားပေးသည်။

နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ စလင်းမြို့နယ် ၊  လင်းဇင်းကျေးရွာအနီး တည်ဆောက် ထားသည့်  လင်းဇင်းရေလွှဲဆည်  သို့ရောက်ရှိပြီး  သဲထုတ်တံခါး၊ ရေသွင်းတံခါးနှင့် ဆည်ကြံ့ခိုင်မှုအခြေအနေများ ကိုလည်း ကောင်း၊ တူးမြောင်းမကြီး တစ်လျှောက် စိုက်ပျိုးရေ ပေးဝေနေမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက စလင်းရေလှောင် တမံ နှင့် လင်းဇင်းရေလွှဲဆည် များ၏ နှစ်အလိုက် ရေဝင်ရောက်မှု၊ ရေသုံးစွဲမှု၊  ပိုလျှံမှု တမံကြံ့ခိုင်မှုနှင့် မင်းဘူးခရိုင်အတွင်း ရေအသုံးချသူအဖွဲ့ WUG ဖွဲ့စည်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က ဆည်ရေလှောင် တမံများ၏ ရေချိုသယံဇာတများ အလေအလွင့်မရှိစေရန် နှင့် ပြောင်းလဲ သက်ရောက်လျက်ရှိသော ရာသီဥတုအခြေအနေကြောင့် သိုလှောင်ရေများ ဆုံးရှုံးမှုမရှိ အထိ ရောက် ဆုံး သုံးစွဲနိုင်ရန် စနစ်တကျဆောင်ရွက်ရန် လိုအပ်ချက်များ၊ စိုက်ပျိုးရေ အညီအမျှ သုံးစွဲ နိုင်ရေး အတွက် ရေအသုံးချသူများ အဖွဲ့ (WUG) များ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် မင်းဘူးမြို့နယ်၊ ရွာသာယာအုပ်စု၊ ကမ်းနီကျေးရွာ တောင်သူ ဦးကြည်ထွေး ၏ ချည်မျှင်ရှည်ဝါမျိုးသစ် ( RAKA 3455 L SSB 98 BG II ) အကွက်ကျယ် စမ်းသပ်ကွက်သို့ရောက်ရှိကြပြီး တောင်သူများနှင့်တွေ့ဆုံ၍ မျိုးစေ့ ခြံများမှ မျိုးကောင်းမျိုးသန့်များ မျိုးပွားဖြန့်ဖြူး ပေးခြင်း၊ အကျိုးဆောင် တောင်သူ များမှတဆင့် မျိုးပွားထုတ်လုပ်၍ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖူလုံစွာအသုံးပြုနိုင်ရေး ဆောင်ရွက် ရန် ကိစ္စရပ်များ၊ အရင်းအနှီးရရှိရေးနှင့် သီးနှံဈေးနှုန်းအာမခံချက်ရရှိစေရန် အကျိုးတူ ကန်ထရိုက် လယ်ယာစနစ် ဖော်ဆောင်နိုင်ရေး အတွက် ပုဂ္ဂလိက ရင်းနှီး မြုပ်နှံသူများ နှင့် တောင်သူများပူပေါင်း ဆောင်ရွက်ကြရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။