Skip to main content
x

လယ်ဝေးမြို့နယ်ရှိ ဆည်ရေပေးဝေမှု တိုးတက် ခေတ်မီရေး ရှေ့ပြေးဧရိယာ စနစ်တကျလယ်ယာမြေ၌ ဓါတ်မြေ ဩဇာနှင့် သဘာဝမြေဩဇာ(၁:၃) ရောစပ် ကြဲပက်

ဆည်ရေသောက်စနစ်များတွင် ရေလေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ စိုက်ခင်းများ၏ ရေလိုအပ်ချက် နှင့် ရေပေးဝေမှုဟန်ချက်ညီစေရေး၊ ရေသောက်စနစ်အတွင်းရှိ စိုက်ကွင်း များ အားလုံး စိုက်ပျိုးရေ အညီအမျှရရှိသုံးစွဲနိုင်ရေးအတွက် ဌာန နှင့် တောင်သူများ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ဆည်ရေပေးဝေမှု တိုးတက်ခေတ်မီရေး ရှေ့ပြေးဧရိယာ စနစ်တကျလယ်ယာမြေ ဧက (၁၂၀) ကို လယ်ဝေးမြို့နယ် ချောင်းမငယ် ဆည်ရေသောက် စနစ်၊ လက်တံမြောင်းအမှတ်(၁၁)တွင် ဆောင်ရွက်ထားရှိကြောင်း၊ နေပြည်တော်ကောင်စီ နယ်မြေကို စိုက်ပျိုးမွေးမြူရေးအခြေခံသော ဖွံ့ဖြိုးတိုးတက် သည့် စံပြဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် မျိုးစေ့ သွင်းအားစု နှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာရပ်များ၊ စိုက်ပျိုးရေအသုံးချမှုဆိုင်ရာ နည်းပညာရပ်များကို ဒေသနေ တောင်သူများ စနစ်တကျလေ့လာနိုင်ရန် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

လယ်ဝေးမြို့နယ် ခရမ်းကိုင်းကျေးရွာအုပ်စုရှိ အဆိုပါ ဆည်ရေပေးဝေမှု တိုးတက် ခေတ်မီရေး ရှေ့ပြေးဧရိယာ စနစ်တကျလယ်ယာမြေ ဧက (၁၂၀) တွင် မိုးစပါး တစ်ဧက တင်း(၁၀၀)နှုန်း ထွက်ရှိရေးအတွက် ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ(၁:၃) ရောစပ် ကြဲပက်ပွဲ အခမ်းအနားကို အောက်တိုဘာလ(၁၉)ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်အားပေးကြသည်။

အခမ်းအနားတွင် ဒေသနေတောင်သူလယ်သမားများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က လက်ရှိနိုင်ငံတကာတွင်ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းကြီးမြင့် လာမှု နှင့်အတူ သွင်းအားစုဈေးနှုန်းများ အခြေအနေ ၊ ထွက်ရှိလာသည့် သီးနှံများဈေးကောင်းရရှိနေမှု အခြေအနေများ၊ သွင်းအားစုစရိတ်လျှော့ချနိုင်ရေး နှင့် တစ်ဧကချင်း၏ ထုတ်လုပ်မှု တိုးတက်ရေး အတွက် နည်းပညာများ စနစ်တကျလိုက်နာအသုံးပြု ဆောင်ရွက်ခြင်းဖြင့် တောင်သူများအတွက် အကျိုးအမြတ် ပိုမိုရရှိနိုင်မှု အခွင့်အလမ်းများ ကို ဆွေးနွေး ပြောကြားပြီး အခမ်းအနား တက်ရောက်လာသော တောင်သူများ နှင့်  လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာများကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ချောင်းမငယ် ဆည်ရေသောက် စနစ်၊ လက်တံမြောင်းအမှတ်(၁၁)တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဆည်ရေပေးဝေမှု တိုးတက်ခေတ်မီရေး ရှေ့ပြေးဧရိယာ တွင် တူးမြောင်းပုံစံကျ တူးဖော် ပြုပြင်ခြင်း၊ မြေသားတူးမြောင်းများ လိုင်နင်စီခြင်း၊ တူးမြောင်းအတွင်း ရေမှတ်တိုင် စိုက်ထူခြင်း၊ ရေပေးပြွန်များ ပြန်လည်စိစစ်ခြင်း နှင့် ရေတံခါးများတပ်ဆင်ခြင်း၊ ရေအသုံးချသူများအဖွဲ့WUG များ ထပ်မံဖွဲ့ စည်းခြင်း နှင့် တောင်သူပူးပေါင်းပါဝင် သော ရေစီမံခန့်ခွဲမှုများ တိုးမြှင့်ဆောင်ရွက်ခြင်းလုပ်ငန်းများ ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ သက်ဆိုင်ရာဌာနများနှင့် ဒေသနေ တောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။