Skip to main content
x

သားငါး ကဏ္ဍ ရေရှည် ဖွံ့ဖြိုး တိုးတက်စေရန် မွေးမြူ ထုတ်လုပ်မှု လုပ်ငန်းများ တိုးပွားလာရေး ကူညီ အားပေး

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အောက်တိုဘာလ (၂၀)ရက်နေ့ နံနက်ပိုင်း တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာန ရေးဆင်း ငါးလုပ်ငန်းစခန်း၏ ပြည်ပပို့ကုန် ငါးရှဉ့်မွေးမြူထားရှိမှု၊ ဖားမွေးမြူထားရှိမှုနှင့် အသားတိုး ငါးမြစ်ချင်းငါး မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြရာ ငါးလုပ်ငန်းစခန်း တာဝန်ခံက ဒေသ၊ ရာသီဥတု၊ ဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီ ဖြစ်ထွန်းသည့် ငါးမျိုးများ   ဖြန့်ဖြူးပေးနေမှု၊ သဘာဝရေပြင်များနှင့် ဆည်တမံများတွင် ငါးမျိုးမသုဉ်းစေရေး နှင့် ငါးထွက်နှုန်း တိုးတက်စေရေး ဆောင်ရွက်ထားရှိမှု၊ ပြည်တွင်း ငါးစားသုံးမှုတိုးတက်စေရေးနှင့် မွေးမြူရေးငါးများ ပြည်ပသို့ တိုးချဲ့တင်ပို့နိုင်ရေးအတွက် ငါးသားပေါက်များကို စဉ်ဆက်မပြတ် ဖြန့်ဖြူးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဆွေးနွေးမှာကြားရာ၌  အာဟာရ ပြည့်ဝသော စားနပ်ရိက္ခာဖူလုံရေးအတွက် အရေးပါသည့် သားငါး ကဏ္ဍ ရေရှည် ဖွံ့ဖြိုး တိုးတက်စေရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် မွေးမြူ ထုတ်လုပ်မှု လုပ်ငန်းများ တိုးပွားလာရေး ကူညီ အားပေးလျက်ရှိကြောင်း၊ စားသုံးသူ ဘေးကင်း လုံခြုံရေး နှင့် ပြည်ပတင်ပို့ရာတွင် လိုက်နာရမည့် စံချိန်စံညွှန်းများကို လုပ်ငန်းရှင်များဘက်က တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) များနှင့်အညီ ထုတ်လုပ်ခြင်းဖြင့် ထုတ်ကုန်အရည်အသွေးမြင့်မားရေး ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ချက်များကို မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများသည် ငါးလုပ်ငန်းစခန်း အတွင်း မွေးမြူလျက်ရှိသော ပြည်ပပို့ကုန်  ဖားမွေးမြူ ထားရှိမှု အခြေအနေများကို လည်းကောင်း၊ ငါးရှဉ့် မွေးမြူထားရှိမှု အခြေအနေ နှင့် အသားတိုး ငါးမြစ်ချင်းငါး မွေးမြူထားရှိမှု အခြေအနေ များကို လည်းကောင်း လိုက်လံ ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။