Skip to main content
x

တနင်္သာရီတိုင်းဒေသကြီးအား ဆီအုန်းအခြေခံသည့် မြန်မာ့ ဆီအိုးကြီး တစ်အိုးဖြစ်စေရေး အကောင်အထည်ဖော် ကြိုးပမ်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ‌အောက်တိုဘာလ (၂၂) ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြိတ်တောင်အုပ်စု ကုန်းဖောက်ရပ်ကွက်ရှိ  တူးတူးတိုးကုမ္ပဏီလီမိတက် ဥစားကြက် မွေးမြူရေးလုပ်ငန်းသို့ ရောက်ရှိကြရာ  မွေးမြူရေးလုပ်ငန်းတာဝန်ခံက ကြက်မွေးမြူခြင်းနှင့် ကြက်ဥထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ဇီဝဓါတ်ငွေ့ထုတ်ယူစုဆောင်းအသုံးပြုခြင်းလုပ်ငန်းများကို ရှင်းလင်တင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပြောင်းလဲလာသောစားသောက်မှုပုံစံ နှင့် စားသုံးမှုစနစ်များအရ အသားငါး စားသုံးမှုမှာ သိသာစွာ တိုးတက်လာလျက် ရှိနေသဖြင့် အသားငါးထုတ်လုပ်မှုတိုးမြှင့်ရေးအတွက် မွေးမြူထုတ်လုပ်မှုစနစ်၊ တိရစ္ဆာန်အစာ ကျွေးမွေးမှုစနစ်နှင့် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်တားဆီး နှိမ်နင်းရေးစနစ်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များ၊ အစားအစာဘေးကင်းလုံခြုံပြီး အာဟာရ ပြည့်ဝသော ထုတ်ကုန်များဖြစ်စေရေး ဈေးကွက်စံချိန်စံညွှန်းနှင့်အညီ မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဖြစ်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာရှိ စိုက်ပျိုးရေး နည်းပညာ ပြန့်ပွားရေးစင်တာတွင် မိုးစပါးစိုက် အကျိုးဆောင်တောင်သူများနှင့်တွေ့ဆုံ၍ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးထုတ်လုပ်မှုစရိတ်လျော့ချရေး သီးနှံအထွက်နှုန်းတိုးတက်ရေးအတွက် နည်းပညာများ စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရ စီးပွားရေးရာဝန်ကြီး နှင့် တာဝန်ရှိသူများက သဘာဝ မြေဩဇာနှင့် သဘာဝ ပိုးသတ်ဆေးများကို ပေးအပ်ကြရာ တောင်သူများက လက်ခံရယူခဲ့ကြသည်။

ညနေပိုင်းတွင် မြိတ်မြို့ရှိ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန၏ ရော်ဘာနှင့် စားအုံးဆီ သီးနှံဆိုင်ရာ သုတေသနလုပ်ငန်းများ၊ မျိုးသန့်မျိုးပွားဖြန့်ဖြူး နေမှုများကို ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲမှ တာဝန်ရှိ သူများက မြိတ်ဒေသတွင် ဆောင်ရွက်လျက်ရှိသည့် နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်းကောင်း၊ ဒေသ၏စိုက်ပျိုး ထုတ်လုပ်မှုနှင့် နှစ်အလိုက် ပြည်ပသို့ ရော်ဘာတင်ပို့မှုအခြေအနေများကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး က တနင်္သာရီတိုင်းဒေသကြီးအား ဆီအုန်းအခြေခံသည့် မြန်မာ့ဆီအိုးကြီး တစ်အိုးဖြစ်စေရေး အကောင်အထည်ဖော် ကြိုးပမ်းရန် လိုအပ်ချက်များ ၊ ဒေသရေမြေနှင့် ကိုက်ညီပြီး အလား အလာကောင်းသည့် ဆီအုန်း၊ ရော်ဘာ၊ သီဟိုဠ်သရက် သီးနှံများ တိုးတက်ထုတ်လုပ်နိုင်ရေး ၊ ကော်ဖီ၊ ကိုကိုး နှင့် ဟင်းခတ်အမွှေး အကြိုင်ပင်များ တိုးချဲ့စိုက်ပျိုး လုပ်ကိုင်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြား ခဲ့ကြောင်း သတင်းရရှိသည်။