Skip to main content
x

သဘာဝမြေဩဇာများ ထုတ်လုပ် ရောင်းချရာတွင် ပါဝင်ပစ္စည်းနှင့် ထုတ်လုပ်မှု အရည်အသွေး အာမခံချက် ရှိရန် လိုအပ်

     မြေဩဇာကော်မတီ ၏ (၃၇) ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာလ (၂၈)ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ  အစည်းအဝေးသို့ မြေဩဇာကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ကော်မတီဝင်များ စုံညီစွာ တက်ရောက်ကြသည်။

     အစည်းအဝေးတွင် မြေဩဇာကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး က အမှာစကား ပြောကြားရာ၌ စိုက်ပျိုးရေးလုပ်ငန်းသုံး မြေဩဇာများ၏ အရည်အသွေး စံချိန်စံညွှန်း ပြည့်ဝရေး အတွက် ဥပဒေ စည်းမျဉ်း စည်းကမ်းများ နှင့်အညီ ကြပ်မတ်ဆောင်ရွက်ခြင်း၊ စိုက်ပျိုးမြေ ၏အပင်အာဟာရဓာတ်ပါဝင်မှု နှင့် စိုက်ပျိုးမည့်သီးနှံ၏ အာဟာရ လိုအပ်မှု ညီညွတ်မျှတစွာ အသုံးပြုနိုင်ရေး နည်းပညာ ဖြန့်ဝေ ပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ သွင်းအားစုစရိတ် လျှော့ချနိုင်ရေး နှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုမရှိသော စိုက်ပျိုး ထုတ်လုပ်မှုဖြစ်စေရေးအတွက် သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲခြင်းကို အားပေးလျက် ရှိကြောင်း၊ နိုင်ငံတကာတွင် ဓာတ်မြေဩဇာ ဈေးနှုန်းများ ကြီးမြင့်လာမှုကြောင့် ပြည်တွင်းသုံးစွဲသူ တောင်သူများ အနေဖြင့်လည်း ဓာတ်မြေဩဇာ သုံးစွဲမှုလျှော့ချပြီး သဘာဝ မြေဩဇာနှင့်တွဲဘက် သုံးစွဲမှု များပြား လာကြသည်နှင့်အမျှ  သဘာဝမြေဩဇာ ထုတ်လုပ် ရောင်းချမှုများလည်း တိုးပွား လာလျက် ရှိကြောင်း၊ ဈေးကွက် လိုအပ်ချက်အရ သဘာဝမြေဩဇာကို စီးပွားဖြစ် ထုတ်လုပ်သူများ ရှိသကဲ့သို့ တပိုင်တနိုင်လုပ်ကိုင်သူများလည်း ဒေသအနှံ့တွင် ရှိနေကြောင်း၊ သို့ဖြစ်ရာ သဘာဝ မြေဩဇာ ထုတ်လုပ် ရောင်းချသူ နှင့် သုံးစွဲသူ တောင်သူများ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် တည်ဆဲမြေဩဇာဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖြစ်စေရေး ထုတ်လုပ် ရောင်းချသော သဘာဝ မြေဩဇာ၏ ပါဝင်ပစ္စည်း နှင့် ထုတ်လုပ်မှုအရည်အသွေး အာမခံချက်ရှိရေးအတွက် လိုအပ်သော ထိန်းကျောင်း ကြပ်မတ်မှုနှင့် နည်းပညာ ပေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

     ထို့နောက် မြေဩဇာကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း က အစည်းအဝေးတွင် သုံးသပ် ဆောင်ရွက် ရမည့် မြေဩဇာတင်သွင်းခွင့် ဆိုင်ရာ ကိစ္စရပ်များ ၊ မြေဩဇာမှတ်ပုံတင်ခွင့်ပြုရေး ဆိုင်ရာ ကိစ္စရပ်များကိုတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက အကြောင်းအရာ တစ်ခုချင်း အလိုက် ဆွေးနွေးခဲ့ကြသည်။

     ပြည်တွင်း စားနပ်ရိက္ခာဖူလုံစေရန် နှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားစေရန် စိုက်ပျိုးရေး ကဏ္ဍ တွင် အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်းကိုက်ညီသော မြေဩဇာများကို တင်သွင်း ထုတ်လုပ် ဖြန့်ချိ နိုင်ရေး အတွက် မြေဩဇာ နည်းပညာ ကော်မတီက စစ်ဆေးအတည်ပြုတင်ပြလာသည့် လုပ်ငန်းများအပေါ် မြေဩဇာကော်မတီ က တည်ဆဲမြေဩဇာဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ပြီး မှတ်ပုံတင်ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မြေဩဇာကော်မတီ၏ (၃၆)ကြိမ်မြောက် အစည်းအဝေးပြီးဆုံးချိန်အထိ မြေဩဇာ မှတ်ပုံတင် (၉၅၀၀) ကျော် ကို  ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။