Skip to main content
x

အာဆီယံစီးပွားရေးအသိုက်အဝန်း(AEC)အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး တက်ရောက်

     အာဆီယံစီးပွားရေးကောင်စီအဖွဲ့ဝင်ဝန်ကြီးများ၊ အာဆီယံ စွမ်းအင်ဝန်ကြီးများ၊ အာဆီယံသယ်ယူပို့ဆောင်ရေး ဝန်ကြီးများနှင့် အာဆီယံ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးကို နိုဝင်ဘာလ(၉)ရက်နေ့ နေ့လည်(၁)နာရီခွဲအချိန်တွင် အလှည့်ကျ ဥက္ကဌဖြစ်သော ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပခဲ့ရာ အာဆီယံအဖွဲ့ဝင်(၁၀)နိုင်ငံမှ အာဆီယံစီးပွားရေး အသိုက်အဝန်း ကောင်စီ အဖွဲ့ဝင် ဝန်ကြီးများ၊ အာဆီယံ စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံသယ်ယူပို့ဆောင်ရေးဆိုင်ရာ ဝန်ကြီးများနှင့် အာဆီယံ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာ ဝန်ကြီးများ နှင့်အတူ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့ က Online ဖြင့် ပါဝင် တက်ရောက်ခဲ့ကြသည်။

   အစည်းအဝေးတွင် အာဆီယံဒေသတွင်း၌ ကာဗွန် ထုတ်လွှတ်မှုလျော့နည်းစေရေးဆိုင်ရာ မဟာဗျူဟာတွင် ကာဗွန် ထုတ်လွှတ်မှု လျော့နည်းစေရေးဆိုင်ရာ ကနဦးဆောင်ရွက်ရမည့် လုပ်ငန်းများ နှင့် ကဏ္ဍအချင်းချင်းချိတ်ဆက်ဆောင်ရွက်ရမည့် အဓိကလုပ်ငန်းများကို လည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ကွက်ငယ်တောင်သူများ ထိခိုက်မှုများ ပြန်လည် ထူထောင်နိုင်စေရေး အတွက် သဘာဝဓါတ်မြေသြဇာများ နှင့် မြေဆီလွှာဓါတ် မြှင့်တင်ပေးသည့် နည်းလမ်းများအသုံးပြုနိုင်ရေးအပါအဝင် သွင်းအားစုများကို မြန်မာနိုင်ငံတော် အစိုးရက ကူညီထောက်ပံ့ပေးနေမှုများ နှင့် စိုက်ပျိုးမြေများကို လယ်ယာ စိုက်ပျိုးရေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ဆက်လက် ထိန်းသိမ်းထားရှိနိုင်မှု အခြေအနေများကိုလည်းကောင်း၊ သစ်ပင်စိုက်ပျိုးခြင်း နှင့် သီးနှံသစ်တော ရောနှော စိုက်ပျိုးခြင်း ကို အားပေးပြီး မြန်မာနိုင်ငံ၏ အပင် ရွက်အုပ် ဖုံးလွှမ်းမှု ၁၀% အထက် လျော့နည်းသော စိုက်ပျိုးမြေ ၂၇၅,၀၀၀ ဟက်တာ အား ပျမ်းမျှ အပင်ဖုံးအုပ်မှု ဧရိယာဖြစ်စေရေး တိုးမြှင့် ဆောင်ရွက်သွားမည့်အခြေအနေ နှင့် ၂၀၂၁-၂၀၃၀ ခုနှစ်ကာလအတွင်း ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှုတန်ချိန် (tCO2e) ၁၀. ၄ သန်းကို မြန်မာနိုင်ငံ က စုဆောင်း ရယူနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။

     ထို့နောက် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီ၊ အာဆီယံ စွမ်းအင်ဆိုင်ရာ ဝန်ကြီးများ၊ အာဆီယံ ပို့ဆောင်ရေးဆိုင်ရာဝန်ကြီးများနှင့် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်ကို အတည်ပြုခဲ့ကြ ကြောင်း သတင်းရရှိသည်။