အဓိကအကြောင်းအရာသို့ သွားမည်
x

မြန်မာ့ပဲပုပ်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ သုတေသီများ၊ တောင်သူများနှင့် ကဏ္ဍစုံမှသက်ဆိုင်သူများ တက်ရောက်ဆွေးနွေး

မြန်မာ့ပဲပုပ်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းတို့မှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်များမှကိုယ်စားလှယ်များက အွန်လိုင်းမှ တက်ရောက်ဆွေးနွေးကြသည်။

ဦးစွာပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်တွင်း ပြည်ပဖွံ့ဖြိုးမှု မိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာတွင် ယခုကျင်းပသည့် မြန်မာ့ပဲပုပ်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

အဆိုပါအထူးရန်ပုံငွေဖြင့် “စပါးရိတ်သိမ်းအပြီး ပဲပုပ်သီးထပ်စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်စွမ်းအားမြှင့်တင်ခြင်း” စီမံကိန်းကို ၂၀၂၄-၂၀၂၅ ခုနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရန် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးဆီထုတ်လုပ်မှုသာမက ကြိတ်ဖတ်ကို ပြည်တွင်းမွေးမြူရေးတိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်မည့်ပဲပုပ်သီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးရန် အားပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သီးတောင့်ပါဝင်မှုများပြီး အထွက်နှုန်းတည်ငြိမ်ကာ ဒေသမရွေး စိုက်ပျိုးနိုင်သည့် အထွက်ကောင်းမျိုး ရေဆင်း-၁၅ ပဲပုပ်မျိုးကို တစ်နိုင်ငံလုံး၌ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်စေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း။

သို့ပါ၍ ယနေ့ဆွေးနွေးပွဲတွင် ပြည်တွင်းစားသုံး ဆီဖူလုံရေးနှင့် မွေးမြူရေးတိရစ္ဆာန်အစာကုန်ကြမ်း ပဲပုပ်ကြိတ်ဖတ်တင်သွင်းမှုလျှော့ချနိုင်ရေး၊ ပဲပုပ်သီးနှံ တန်ဖိုးကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ့ပဲပုပ်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်များ၊ လုပ်ငန်းများကို တိတိကျကျ အစီအစဉ်များ ရေးဆွဲချမှတ်ပြီး စနစ်တကျ တိုးတက်ဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာကဏ္ဍများမှ တက်ကြွစွာပါဝင်ဆွေးနွေးပေးကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက မြန်မာ့ပဲပုပ်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအလုပ်ရုံ ဆွေးနွေးပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ တင်ပြပြီး ဆွေးနွေးပွဲတက်ရောက်လာကြသည့် သုတေသီများ၊ ပညာရှင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တောင်သူများက သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြသည်။

ဆွေးနွေးပွဲခေတ္တရပ်နားချိန်တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စိုက်ပျိုးရေး သုတေသနဦးစီးဌာန ပဲမျိုးစုံသုတေသနဌာနစု ပဲပုပ် သီးနှံသုတေသနဌာနသို့ သွားရောက်လေ့လာခဲ့ကြသည်။

ရှမ်းပြည်နယ်၌ ပဲပုပ်သီးနှံကို မိုးရာသီတွင် အဓိကစိုက်ပျိုးပြီး စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ဧရာဝတီတိုင်းဒေသကြီးများ၌ မြစ်ရေကျချိန်တွင်လည်းကောင်း၊ မိုးနှောင်းသီးနှံအဖြစ် ရှမ်း၊ ကချင်၊ မွန်နှင့် ကရင်ပြည်နယ်တို့တွင် စပါးရိတ်သိမ်းအပြီးတွင်လည်းကောင်း ပဲပုပ်သီးနှံစိုက်ပျိုးကြကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ဧက၏ ၃၀ ရာခိုင်နှုန်း၊ မိုးနှောင်းနှင့် ဆောင်းသီးနှံစိုက်ဧက၏ ၇၀ ရာခိုင်နှုန်း စိုက်ပျိုးခဲ့သဖြင့် တစ်နိုင်ငံလုံး၌ စုစုပေါင်း ပဲပုပ်ဧက ၃ ဒသမ ၄ သန်း စိုက်ပျိုးခဲ့ကြောင်း၊ တန်ချိန် ၅ ဒသမ ၈ သန်းကျော် စိုက်ပျိုးထုတ်လုပ်ထွက်ရှိပြီး ပြည်ပသို့ မက်ထရစ်တန် ၆၀၀၀ ကျော် တင်ပို့လျက်ရှိကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အဆောက်အအုံဆောက်လုပ်ပြီးစီးမှုနှင့် တက္ကသိုလ်ရာပြည့်အခမ်းအနားကျင်းပရန် အကြိုပြင်ဆင်ဆောင် ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ရေဆင်းရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှုနှင့် ရေပေးဝေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ရေဆင်းရေလှောင်တမံအနေဖြင့် ကန်ရေပြည့်ရေလှောင်ပမာဏ ဧကပေ ၇၃၀၀၀ သိုလှောင်နိုင်ပြီး ဩဂုတ်၂၇ ရက်အထိ ရေဧကပေ ၄၆၂၀၀ ရှိသဖြင့် ၆၃ ရာခိုင်နှုန်း သိုလှောင်ထားရှိပြီးဖြစ်ကြောင်း ကျန်ရှိသော မိုးရာသီကာလ ရေဝင်ရောက်နိုင်မှုအခြေအနေအား ၁၀ နှစ်တာကာလ ပျမ်းမျှဖြင့်တွက်ချက်၍ မြို့ပြသုံးရေ ထုတ်ယူသုံးစွဲမှု၊ အငွေ့ပြန်ဆုံးရှုံးမှုနှင့် စိုက်ပျိုးရေပေးဝေမှုတို့ကို ထိန်းညှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေသောက်ဧရိယာများမှ နွေစပါးသီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။