အဓိကအကြောင်းအရာသို့ သွားမည်
x

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ နောက်ခံသမိုင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ စိုက်ပျိုးရေးဆိုင်ရာအဆင့်မြင့်ပညာရပ်များကိုသင်ကြားပို့ချပေးနေသော ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သည် မြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ကောင်စီနယ်မြေ၊ဇေယျာသီရိမြို့နယ်၌တည်ရှိပြီးရန်ကုန်မြို့နှင့်မန္တလေးမြို့တို့၏ ခရီးလမ်းအလယ်ပျဉ်းမနားမြို့မြောက်ဘက်ရှိရေဆင်းရွာအနီးတွင်တည်ရှိပါသည်။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သည်မြေနေရာအကျယ်အဝန်းအားဖြင့်(၃၃၈.၈၆)ဧကရှိပါသည်။ အရှေ့ဘက်တွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် သစ်တောသုတေသနဌာန၊ အနောက်ဘက်တွင် ရန်ကုန်−မန္တလေးကားလမ်းကြီး၊ တောင်ဘက်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မြောက်ဘက်တွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့ တည်ရှိပါသည်။

မြန်မာနိုင်ငံ၏ဒုတိယအကြီးဆုံးမြို့တော်ဖြစ်သောမန္တလေးမြို့၌၁၉၂၄-ခုနှစ်၊ဒီဇင်ဘာ၊၂၂ရက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကောလိပ်အဆင့်ထိတိုးမြှင့်ရန်အတွက်သုတေသနနှင့် စိုက်ပျိုးရေးကောလိပ်(မန္တလေး)ဟူ၍ တည်ထောင်ခဲ့သည်။၁၉၃၈-ခုနှစ်တွင်  စိုက်ပျိုးရေးကောလိပ် (မန္တလေး)သည် ရန်ကုန်တက္ကသိုလ်၏ ကောလိပ်တစ်ခုအဖြစ်ပါဝင်ခဲ့သည်။၁၉၄၇-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်လက်အောက်ခံစိုက်ပျိုးရေးမဟာဌာန(မန္တလေး)အဖြစ်ပြောင်းလဲခဲ့သည်။၁၉၅၈-ခုနှစ်တွင် မန္တလေးကောလိပ်ကိုသီးခြားတက္ကသိုလ်အဖြစ်ဖွဲ့စည်းသည့်အခါ မန္တလေးတက္ကသိုလ် လက်အောက်ခံစိုက်ပျိုးရေးမဟာဌာနအဖြစ်ပြောင်းလဲခဲ့သည်။၁၉၆၄-ခုနှစ်တွင်စိုက်ပျိုးရေးမဟာဌာနအားသီးခြားတက္ကသိုလ်အဖြစ်တိုးမြင့်သောအခါစိုက်ပျိုးရေးတက္ကသိုလ်(IOA)(မန္တလေး)ဖြစ်လာခဲ့သည်။ ၁၉၇၃-ခုနှစ်တွင် စိုက်ပျိုးရေးတက္ကသိုလ်သည် မန္တလေးမှ ရေဆင်းသို့ ပြောင်းရွှေ့ ခဲ့သည်။၁၉၉၇-ခုနှစ်တွင်အသက်မွေးဝမ်းကျောင်းတက္ကသိုလ်မှ အဆင့်မြင့်ဘာသာပေါင်းစုံသင်ကြားနိုင်သည့် စိုက်ပျိုးရေးတက္ကသိုလ်အဖြစ် အမည်ပြောင်းလဲခဲ့ပြီးလယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်သို့ ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။ ၁၉၉၈ ခုနှစ်တွင် စိုက်ပျိုးရေးတက္ကသိုလ်၊ ရေဆင်းအမည်မှ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်(Yezin Agricultural University)အမည်ဖြင့် တရားဝင်ဖွဲ့စည်းခဲ့ပါသည်။တက္ကသိုလ်၏ အင်္ဂလိပ် အတိုကောက် အမည်သည် “Yezin Agricultural University (YAU) ဖြစ်သည်။

မျှော်မှန်းချက်

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်၍ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှုကိုအဓိကစွမ်းဆောင်သည့် တက္ကသိုလ်တစ်ခုဖြစ်လာစေရန်သာမကနည်းပညာတီထွင်ဆန်းသစ်မှုများနှင့် သိပ္ပံနည်းကျအသိပညာအတတ်ပညာများကိုနိုင်ငံအဝှမ်းဖြည့်ဆည်းပေးနိုင်ရန် ။

ရည်မှန်းချက်

-   အစဉ်ကောင်းမွန်တိုးတက်သောနည်းစနစ်များဖြင့်စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်လာစေရေး

     အတွက် စိုက်ပျိုးရေးဆိုင်ရာအသိပညာဗဟုသုတများနှင့် လူသားအရင်းအမြစ်များဖြည့်ဆည်း

     ပံ့ပိုးပေးရန်

-   အသိပညာအတတ်ပညာပြည့်စုံ၍ အရည်အချင်းပြည့်ဝသောစိုက်ပျိုးရေးပညာရှင်များမွေးထုတ်

     ပေးရန်နှင့်အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းများဖန်တီးပေးရန်

-   နိုင်ငံတော်၏စိုက်ပျိုးရေးဆိုင်ရာသုတေသနနှင့် တိုးချဲ့ပညာပေးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်

     ရေးတွင် စဉ်ဆက်မပြတ်ပါဝင်ဖြည့်ဆည်းပံ့ပိုးပေးရန်

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏လုပ်ငန်းတာဝန်များ

၁။သင်ကြားရေးနှင့်လေ့ကျင့်ပညာပေးခြင်း

၂။သုတေသနများလုပ်ဆောင်ခြင်း

၃။နည်းပညာဖြန့်ဖြူးခြင်း

မူဝါဒ

ကျောင်းသား၊ကျောင်းသူများ၊ စိုက်ပျိုးရေးတက္ကသိုလ်မှဘွဲ့ရများကိုအလုပ်ခန့်ထားမည့် အစိုးရအဖွဲ့ အစည်းများနှင့်ကုမ္မဏီများ၏ လိုအပ်ချက်များကိုပြဌာန်းထားသောနည်းဥပဒေ၊စည်းကမ်းများနှင့်အညီစဉ်ဆက်မပြတ်ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန် တက္ကသိုလ်ပြင်ပအဖွဲ့အစည်းများ၏ အကြံပြုချက်များ၊ ဌာနတွင်း၊ ဌာနပြင်ပစာရင်းစစ်များ၏ စီမံခန့်ခွဲမှုဆိုင်ရာသုံးသပ်ချက်များကိုအခြေခံ၍ အရည်အသွေးစီမံခန့်ခွဲမှုစနစ်(Quality Management System)ဖြင့် တက္ကသိုလ်၏အရည်အသွေးကို မြှင့်တင်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်။

ဖွဲ့စည်းပုံ

YAU

 

 

Website>>> www.yau.edu.mm