အဓိကအကြောင်းအရာသို့ သွားမည်
x

(၄၆) ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၄၆) ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ ၂၂ ရက်မှ ၂၅ ရက်အထိ အွန်လိုင်းစနစ်ဖြင့် ကျင်းပလျက်ရှိသည်။

အမှာစကားများပြောကြား

အောက်တိုဘာ ၂၄ ရက် နံနက် ၈ နာရီခွဲတွင်ကျင်းပသည့် (၄၆) ကြိမ်မြောက် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၌ (၄၅) ကြိမ်မြောက် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် မလေးရှားနိုင်ငံ စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေးဝန်ကြီး H.E Hon. Datuk Seri Haji Mohamad Bin Sabu နှင့် အိမ်ရှင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်တို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။

ထို့နောက် မလေးရှားနိုင်ငံ စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေးဝန်ကြီးဌာနဝန်ကြီးက မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ (၄၆) ကြိမ်မြောက် လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ၏ သဘာပတိတာဝန်များကို လွှဲပြောင်းပေးအပ်သည်။

အစည်းအဝေး ပထမနေ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တီမောလက်စ်တေနိုင်ငံမှ လယ်ယာစိုက်ပျိုးရေး သစ်တောဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်၊ အဆင့်မြင့်အရာရှိများ၊ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပူးပေါင်းဆောင်ရွက်ရေး

အစည်းအဝေးတွင် ၂၀၂၃-၂ဝ၂၄ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အာဆီယံ စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ အဓိကလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်၊ သီးနှံအကြွင်းအကျန်များ မီးရှို့ရှင်းလင်းခြင်းလျှော့ချနိုင်ရေးဆိုင်ရာ အာဆီယံလမ်းညွှန်ချက်များ၊ အန္တရာယ်ဖြစ်စေနိုင်မည့် စိုက်ပျိုးရေးဆိုင်ရာ ဓာတုပစ္စည်းများ အသုံးပြုခြင်းအား လျှော့ချနိုင်မည့် လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုလျော့နည်းစေရေး သဘာဝအခြေခံဖြေရှင်းသည့် နည်းလမ်းများ၊ အပြာရောင်အဏ္ဏဝါစီးပွားရေးစနစ်ဖော်ဆောင်ရေးလုပ်ငန်းများ၊ ဒစ်ဂျစ်တယ် နည်းပညာအသုံးပြုနိုင်ရေးနှင့် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးကြသည်။

ဆက်လက်၍ နိုင်ငံအသီးသီးမှဝန်ကြီးများက အာဆီယံစားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်တွင် ပါဝင်သောလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများကို ပြန်လည်သုံးသပ်ခြင်း၊ အာဆီယံစားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ အဓိကလုပ်ငန်းစဉ် ၁၆ ခု၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့စဉ် ကာလအတွင်း ဆောင်ရွက်ခဲ့သည့် စီးပွားရေးနှင့် သက်ဆိုင်ရာ ဦးစားပေး လုပ်ငန်းစဉ်နှစ်ခုနှင့် မလေးရှားနိုင်ငံမှဆောင်ရွက်မည့် စီးပွားရေးနှင့် သက်ဆိုင်ရာ ဦးစားပေး လုပ်ငန်းစဉ် တစ်ခုတို့ကို အတည်ပြုခြင်း၊ လုပ်ငန်းရပ် ၁၁ ခုကို မှတ်တမ်းတင်ခဲ့ခြင်းနှင့် အာဆီယံ အသိုက်အဝန်း (၂၀၄၅) ၏ မျှော်မှန်းချက်နှင့်ကိုက်ညီမှုရှိသည့် အာဆီယံစိုက်ပျိုးရေး၊ စားရေရိက္ခာနှင့် စိုက်ပျိုးရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ် (၂၀၂၆ - ၂၀၃၀) ရေးဆွဲရာတွင် ထည့်သွင်းရမည့် အဓိကလုပ်ငန်းစဉ်များနှင့် လုပ်ငန်းရပ်များအပေါ် လမ်းညွှန်မှုပြုခဲ့ကြသည်။

ပူးတွဲကြေညာချက်အတည်ပြု

ထို့ပြင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ဆောင်ရွက်စဉ်ကာလအတွင်း “အာဆီယံနိုင်ငံများတွင် ကာဗွန်ထုတ်လွှတ်မှုလျှော့ချနိုင်ရန် သီးနှံအကြွင်းအကျန်များဆိုင်ရာ အချက်အလက်များအပေါ် လေ့လာဆန်းစစ်၍ ဇီဝမီးသွေးထုတ်လုပ်နိုင်ရေး စီမံကိန်း” ကို အဆိုပြုခဲ့သည်။ အစည်းအဝေးတွင် ဖွံ့ဖြိုးမှုမိတ်ဖက်များဖြစ်သော ERIAI , CropLife Asia , US-ASEAN Business Council , EU-ASEAN Business Council တို့မှလည်း ပါဝင်ဆွေးနွေးခဲ့ကြပြီး (၄၆) ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်ကိုလည်း အတည်ပြုခဲ့ကြသည်။

ဝန်ကြီးများ အစည်းအဝေးများမတိုင်မီ ကြိုတင်ပြင်ဆင်သည့် အစည်းအဝေးများဖြစ်သည့် (၄၆) ကြိမ်မြောက် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးအတွက် အဆင့်မြင့်အရာရှိများ အစည်းအဝေး၊ (၂၄) ကြိမ်မြောက် အာဆီယံအပေါင်းသုံးနိုင်ငံများ၏ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်သည့် အဆင့်မြင့်အရာရှိများ အစည်းအဝေး၊ (၈) ကြိမ်မြောက် အာဆီယံ - အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်သည့် အဆင့်မြင့်အရာရှိများ အစည်းအဝေးများကို အောက်တိုဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အဆင့်မြင့်အရာရှိဖြစ်သူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက အစည်းအဝေးများ၏ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ကျင်းပမည်

အာဆီယံ အပေါင်းသုံးနိုင်ငံ အစည်းအဝေးများနှင့် အာဆီယံ အပေါင်း အိန္ဒိယအစည်းအဝေးများကို အောက်တိုဘာ ၂၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။