အဓိကအကြောင်းအရာသို့ သွားမည်
x

လယ်ယာကဏ္ဍဆိုင်ရာ သုတေသနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက် သွားမည်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ နှစ်စဉ်ရန်ပုံငွေ အသုံးစရိတ် ၁ ရာခိုင်နှုန်း ကျော်ခန့်သာ သုတေသနဆိုင်ရာလုပ်ငန်းများတွင် သုံးစွဲနေရ လျက်ရှိရာ စိုက်ပျိုးရေး နှင့် မွေးမြူရေး ကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် အထူးအရေးပါသည့် သုတေသနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက် နိုင်ရေးအတွက် လာမည့်ဘဏ္ဍာနှစ်မှ စတင် ၍ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နည်းပညာရပ်ဆိုင်ရာသုတေသနများ နှင့် လယ်ယာစီးပွားအထောက်အကူပြု အသုံးချ သုတေသနများကို စီမံချက်များရေးဆွဲ၍ စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၁၄ ရက်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်အစာနှင့် ဆေးဝါး အရည်အသွေးစစ်ဆေးရေးဓာတ်ခွဲခန်း တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန် ရှိသူများ နှင့် တွေ့ဆုံ စဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောက်မြန်မာပြည် (ရန်ကုန်) ရှိ ဌာနစု၊ ဌာနစိတ် ဓာတ်ခွဲခန်းလုပ်ငန်းများ ကိုလည်းကောင်း၊ တိရစ္ဆာန်ဆေးဝါးထုတ်လုပ်ရေးနှင့် ရောဂါထိန်းချုပ်ရေးဌာနခွဲ ရှိ တိရစ္ဆာန်ဆေးဝါးထုတ်လုပ်ရေးဌာနစု နှင့် ရောဂါပျံ့နှံ့မှုနှင့် ရောဂါထိန်းချုပ်ရေးဌာနစုများကိုလည်းကောင်း ၊ တိရစ္ဆာန်အစာနှင့် ဆေးဝါးသုတေသန ဌာနစိတ် ၏ ပို့ကုန် သွင်းကုန်နှင့် ပြည်တွင်းအသုံးပြုမည့် တိရစ္ဆာန်အစာများ၏ အဟာရတန်ဖိုးနှင့်အဆိပ်အတောက်ပါ၀င်မှု စစ်ဆေးပေးခြင်း၊ ကုသဆေးဝါးများ၊ ဆေးဝါး ကုန်ကြမ်းများ၊ ဗီတာမင်နှင့် သတ္တုဓာတ်များအရည်အသွေးစစ်ဆေးခြင်း ဓာတ်ခွဲစစ်ဆေး ခြင်းလုပ်ငန်းများ၊ ဦးစီးဌာနမှထုတ်လုပ်သော တိရစ္ဆာန်ရောဂါကာကွယ်ဆေးများ ကို  စံချိန်စံညွှန်း စစ်ဆေးခြင်း နှင့်  သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်းကိုလည်းကောင်း၊ အသား၊နို့၊ ဥများတွင် ဓာတ်ကြွင်းများပါဝင်မှုစစ်ဆေးပေးခြင်း စသည့်လုပ်ငန်းများကို အမျိုးသားအဆင့်မွေးမြူရေးဆိုင်ရာမူဝါဒ ၊ အမျိုးသားအဆင့်အသားကဏ္ဍမူဝါဒ ဆိုင်ရာ မဏ္ဍိုင်များနှင့်အညီ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဓါတ်ခွဲခန်းများ၌ သုတေသနပညာရှင်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးမှာကြားရာတွင်  လက်ရှိဓါတ်ခွဲခန်းများ အဆင့်မြှင့်တင်ပေးရန် နှင့် အဆင့်မြင့် ဓါတ်ခွဲခန်းများ တိုးချဲ့တည်ဆောက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဆောက်အအုံများ၊ ဓါတ်ခွဲခန်းသုံး ပစ္စည်းများ နှင့် ဆက်စပ် ပစ္စည်းများ မှာ ငွေကြေးကျခံ၍ အသုံးပြု နိုင်သော်လည်း ကျွမ်းကျင်ပညာရှင်များရရှိရန် အချိန်များစွာ ရယူသုံးစွဲရမည်ဖြစ်သည့် အတွက် သုတေသန ပညာရှင်များအနေဖြင့် တစ်ဦးချင်းစီ၏ အရည်အချင်းပြည့်ဝရေး၊ ပညာရှင် မျိုးဆက် တိုးပွားရေး၊ အတွေ့အကြုံများ မျှဝေပေးရေး နှင့် အရင်းအမြစ် ပြုန်းတီးမှု မရှိစေရေး ကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ နိုင်ငံဝန်ထမ်း ဥပဒေပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာကျင့်သုံးပြီး ဌာနအကျိုး နိုင်ငံအကျိုး မျှော်မှန်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်း ရရှိသည်။