အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီးဒေါက်တာ အောင်ကြီး ကြံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံ

နေပြည်တော်     ဇွန် ၂၀

ပြည်ပပို့ကုန်တိုးတက်ထုတ်လုပ်ရေး နှင့် သွင်းကုန်လျှော့ချနိုင်ရေးအတွက် ဒေသအလိုက် သီးနှံအလိုက် သီးနှံပုံစံများ ရေးဆွဲအကောင်အထည်ဖော်ရန်လိုကြောင်း၊ စိုက်ပျိုးရေးပညာရှင်များအနေဖြင့် သီးနှံအထွက်တိုးရေး အပြင် စိုက်ပျိုးထုတ်လုပ်မှု စရိတ်လျှော့ချနိုင်ရေး နှင့် အကျိုးအမြတ်တွက်ခြေကိုက်ရေးတို့ကို အခြေခံသည့်  တောင်သူ အကျိုးရှိစေမည့် သီးနှံပုံစံများ ဖော်ထုတ်ပေးရန်လိုအပ်ကြောင်း၊ အခြား တစ်ဘက် တွင်လည်း ပြည်ပသွင်းကုန်များကြောင့် သုံးစွဲနေရသည့်နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ရေးအတွက် ဗျူဟာမြောက် စိုက်ပျိုး ထုတ်လုပ်မှုဖြစ်စေရေး အလေးထား ကြိုးပမ်းကြစေလိုကြောင်း ယမန်နေ့ကနေပြည်တော် ပျဉ်းမနားရှိ  ကြံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ငါးဖမ်းရေယာဉ်စောင့်ကြည့် ထိန်းချုပ် ရေး ဗဟိုဌာန(နေပြည်တော်)တွင် VMS စနစ်ဖြင့် ငါးဖမ်းရေယာဉ်များအား စောင့်ကြည့် ထိန်းချုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

အလားတူ ဒုတိယဝန်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော် ရုံးအမှတ်(၃၆)တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန က ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Service-OSS)သို့ရောက်ရှိကြပြီး တိရစ္ဆာန် နှင့် တိရစ္ဆာန်ထွက်ပစ္စည်း ပို့ကုန်သွင်းကုန်များအတွက် ကျန်းမာရေးဆိုင်ရာ ထောက်ခံချက် များ နှင့် ဝန်ဆောင်မှုအားလုံးကို တစ်နေရာတည်းတွင်အလုံးစုံ ဝန်ဆောင်ပေးနေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။