အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီးဒေါက်တာ အောင်ကြီး ဝန်ကြီးဌာနအောက်ရှိ သင်တန်းကျောင်းများ၊ ဓါတ်ခွဲခန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဇွန် ၁၉
“နိုင်ငံသားများအနေဖြင့် ဘဝတိုးတက်ရေး အတွက် ရောင့်ရဲတင်းတိမ် မနေကြဘဲ မိမိတို့ကျင်လည်နေရသည့် အခြေအနေတွင် ဖြစ်သင့်ဖြစ်ထိုက်သည်များကို ရည်မှန်းချက် ထား၍ သမာအာဇီဝနည်းဖြင့် ခေတ်နှင့်အညီဆောင်ရွက်နိုင်ပါက လူမှုဘဝများ ဖွံ့ဖြိုး တိုးတက်လာမည်”ဖြစ်ကြောင်း ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဝန်းကျင်ရှိ သင်တန်း ကျောင်းများ ဓါတ်ခွဲခန်းများ အား ကွင်းဆင်းစစ်ဆေးစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ရွှေမြို့ ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန  ဇီဝလုံခြုံမှု အဆင့်-၂ ခွါနာလျှာနာရောဂါပိုး ရှာဖွေစစ်ဆေးပေးခြင်း ၊ အမျိုးအစားခွဲခြားပေးခြင်း နှင့် အတည်ပြုပေးခြင်း၊ ပဋိပစ္စည်းတိုင်းတာခြင်း ၊ ဓါတ်ခွဲခန်းရလဒ်များ ထုတ်ပြန်ခြင်း၊ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ နှင့် ပျားမွေးမြူရေးဌာနများ ကို ကြည့်ရှုစစ်ဆေး ကာ တာဝန်ရှိသူများအား  လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေဆင်း ရှိ စက်မှုလယ်ယာ သင်တန်း ကျောင်းတွင် စာတွေ့ လက်တွေ့သင်တန်းခန်းမများ၊ သင်တန်းသား နားနေဆောင်များ၊ စားရိပ်သာများကိုကြည့်ရှုစစ်ဆေးသည်။
အလားတူ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC ၏ ကျေးရွာသစ်ခေါင်းဆောင်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနေမှု လုပ်ငန်းများကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းခွင်များ ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်  ကျေးရွာ ဖွံ့ဖြိုးရေး အဆောက်အအုံများ တည်ဆောက်ပေးခြင်း၊ အလုပ်အကိုင် အခွင့် အလမ်းများ ဖော်ဆောင်ပေးခြင်း လုပ်ငန်းများအပြင် ကျေးလက်နေပြည်သူများအတွက် စိတ်ဓါတ်ခွန်အား နှင့် အတွေးအမြင်များဖွံ့ဖြိုးရေးအတွက် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးရန်လိုအပ်ချက်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။