အဓိကအကြောင်းအရာသို့ သွားမည်
x

စားတော်ပဲသီးနှံများနှင့်ပတ်သက်သည့် ပညာရပ်ဆိုင်ရာအသိပညာမျှဝေသည့် စာတမ်းဖတ်ပွဲကျင်းပခြင်း

ဇွန်လ(၃၀)ရက်နေ့ နေ့လည်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်အစည်းအဝေး ခန်းမ၌ စားတော်ပဲသီးနှံများ၏ မျိုးရိုးဗီဇကွဲပြားမှုများ၊ ပြင်ပရုပ်သွင်လက္ခဏာများ၊ အထွက်နှုန်းနှင့် အထွက်မိတ်ဖက်လက္ခဏာများ၏ ဆက်သွယ်မှုကိုလေ့လာခြင်းအကြောင်း အသိပညာမျှဝေသည့် သုတေသနစာတမ်းဖတ်ပွဲတစ်ရပ်ကို ကျင်းပခဲ့ပါသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ရှေ့ဆက်ဆောင်ရွက်သွားမည့်ရာသီဥတုနှင့်လိုက်လျောညီ ထွေရှိစေမည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးတွင်လည်းကောင်း၊ စားနပ်ရိက္ခာဖူလုံရေးတွင် အထောက်အကူဖြစ်စေရန်လည်းကောင်း၊ အနာဂတ်တွင် သီးနှံများ၏ မျိုးရိုးဗီဇများ ထိန်းသိမ်းနိုင်ရန် အတွက်လည်းကောင်း၊ စားတော်ပဲသီးနှံများကို အကဲဖြတ်ခြင်း၊ ခွဲခြားခြင်း၊ တစ်မျိုးနှင့်တစ်မျိုး အကြား ကွဲပြားခြားနားမှုများကို အကဲဖြတ်စစ်ဆေးခြင်း၊ စားတော်ပဲသီးနှံများ၏ လက္ခဏာများကို တစ်ခုနှင့်တစ်ခုအကြား ဆက်စပ်မှုများအား လေ့လာခြင်း သုတေသနအသီးသီးနှင့်ဆက်စပ်၍ အသိပညာဗဟုသုတများ ပိုမိုရရှိနိုင်စေရေးအတွက် ရည်ရွယ်၍ အဆိုပါ စာတမ်းဖတ်ပွဲကို ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ စာတမ်းဖတ်ပွဲအခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဒေါက်တာစုစုဝင်း နှင့် ညွှန်ကြားရေးမှူးများ၊ သုတေသနဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် သုတေသီပညာရှင်များ တက်ရောက်ခဲ့ကြပါ သည်။

စာတမ်းဖတ်ပွဲတွင် စာတမ်းရှင်ဖြစ်သည့် ဒေါ်သိမ့်သိမ့်ထွန်းမှ အိန္ဒိယနိုင်ငံ၊ Chaudhary Charan Singh Haryana Agricultural University တွင် မဟာသိပ္ပံသုတေသန ကျမ်းပြု ဆောင်ရွက် ခဲ့သော “စားတော်ပဲသီးနှံများ၏ မျိုးရိုးဗီဇကွဲပြားမှုများ၊ ပြင်ပရုပ်သွင်လက္ခဏာများ၊ အထွက်နှုန်းနှင့် အထွက်မိတ်ဖက်လက္ခဏာများ၏ ဆက်သွယ်မှုကိုလေ့လာခြင်း” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားရာ စားတော်ပဲသီးနှံတွင် ပရိုတင်းဓါတ်၊ ကစီဓါတ်၊ ဗီတာမင်ဓါတ်၊ ပိုတက်စီ ယမ်ဓါတ်၊ အမျှင်ဓါတ်နှင့် မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ်ဓါတ်များ ပါဝင်ကြောင်း ကိုလည်းကောင်း၊ ၎င်းသီးနှံသည် မြင့်မားသော LDL-Cholesterol ကို လျှော့ချနိုင်သည့်အပြင် နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် ကင်ဆာ ရောဂါ အမျိုးမျိုးကို ကာကွယ်နိုင်ကြောင်းကိုလည်းကောင်း၊ လူသားများအတွက် ပရိုတင်းဓါတ် ရရှိရုံ သာမက စိုက်ပျိုးခြင်းအားဖြင့် မြေဩဇာကောင်းမွန် ကြောင်းကိုလည်းကောင်း၊ ဈေးနှုန်းသက်သာ သော အစားအစာဖြစ်သောကြောင့် ကိုယ်အလေးချိန်လျှော့ချရန်အတွက် စားသုံးသင့်သော အစားအစာဖြစ်ကြောင်းကိုလည်းကောင်း၊ ကမ္ဘာတဝှမ်းလုံးတွင် စားသုံးသောသီးနှံဖြစ်သည့်အပြင် တိရိစ္ဆာန်အစာအဖြစ်လည်း အများဆုံး အသုံးပြုကြကြောင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများတွင် လူဦးရေ များပြားလာသည်နှင့်အမျှ စားနပ်ရိက္ခာမလုံလောက်မှုပြဿနာများနှင့် ကြုံတွေ့နေရသဖြင့် စားတော်ပဲသီးနှံများ၏ Germplasm ကို အနာဂတ်တွင် သီးနှံမျိုးရိုးဗီဇ/Alleles များ ရှာဖွေ ထိန်းသိမ်းရန် လိုအပ်သဖြင့် စားတော်ပဲသီးနှံများ အထွက်နှုန်းတိုးစေရန် အထွက်မိတ်ဖက် လက္ခဏာများနှင့် မျိုးရိုးဗီဇပြောင်းလဲမှုများကို မဖြစ်မနေသိရှိရန် လိုအပ်ကြောင်းကိုလည်းကောင်း၊ အထွက်မိတ်ဖက်လက္ခဏာများ၊ မျိုးတစ်မျိုးနှင့်တစ်မျိုး ကွဲပြားမှုများသည် မျိုးသစ်တစ်မျိုး မွေးမြူ ရွေးချယ်ရာတွင် လိုအပ်သော အဓိကအချက် ဖြစ်ကြောင်းကိုလည်းကောင်း၊ မျိုးရိုးဗီဇများ ပြောင်းလဲ ခြင်းသည် မျိုးကူးစပ်ခြင်းနှင့် စပ်မျိုးစွမ်းရည်နည်းလမ်းတို့ဖြင့် အပင်မျိုးမွေးမြူ ရွေးချယ်ခြင်း အတွက် အရေးကြီးသောအချက်ဖြစ်ကြောင်းကိုလည်းကောင်း စာတမ်းရှင်၏ သုတေသ နများနှင့် သုတေသနအတွေ့အကြုံများကို ဗဟုသုတဖြစ်ဖွယ် မျှဝေပေးခဲ့ပါသည်။

ဖတ်ကြားသည့်စာတမ်းအပေါ် သိလိုသည်များအား ပြန်လည်ဆွေးနွေးကြရာ စိုက်ပျိုးရေး သုတေသနဦးစီးဌာနအား အဆင့်မြှင့်တင်နိုင်ရန်အတွက် သုတေသီများအား သက်ဆိုင်ရာ ဘာသာရပ် အလိုက် မြှင့်တင်ပေးရန်လိုအပ်ကြောင်း၊ သုတေသနများဆက်လက်ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ကြောင်း၊ ရရှိလေ့လာခဲ့သော စာတွေ့လက်တွေ့ ဗဟုသုတများကို လုပ်ငန်းခွင်တွင် လုပ်ဖော် ကိုင်ဖက်များနှင့်အတူ အသုံးပြုသွားရန် လိုအပ်ကြောင်းတို့ကို ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဒေါက်တာစုစုဝင်းမှ ဆွေးနွေးအကြံပြုခဲ့ပြီး တက်ရောက်လာကြသည့် သုတေသီပညာရှင် အသီးသီးမှလည်း သိလိုသည်များအား မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ပြုလုပ်ခဲ့ကြပါ ကြောင်း သတင်းရရှိပါသည်။