အဓိကအကြောင်းအရာသို့ သွားမည်
x

မြေငလျင်လှုပ်ခတ်မှုနှင့် အနီးဆုံးဖြစ်သည့် သဖန်းဆိပ်ရေလှောင်တမံ ထိခိုက်မှုမရှိဟုသိရ

နေပြည်တော် ဇူလိုင် ၃၀

ယနေ့မွန်းလွဲ ၃ နာရီတွင် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၂) မိုင် အကွာတွင် အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ချ်)တာစကေး (၆ဒဿမ၃) အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည့်အတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် ဌာနမှထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ဆက်စပ်ရေအားအဆောက်အအုံများ ထိခိုက်မှု ရှိ/မရှိ ချက်ချင်းကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

မြေငလျင် အဓိကလှုပ်ခတ်ခဲ့သည့်နေရာမှာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူဒေသဖြစ်သော်လည်း ငလျင်ပြတ်ရွေ့ကြောများ ဆက်စပ်မှုအရ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆည်/တမံများနှင့် ရေအားလျှပ်စစ် အဆောက်အအုံများ ထိခိုက်မှုမရှိကြောင်းတွေ့ရှိရသည်။

အထူးသဖြင့် ငလျင်လှုပ်ခတ်မှုနှင့်အနီးဆုံးဖြစ်သည့် သဖန်းဆိပ်ရေလှောင်တမံကို အထူးဂရုစိုက်၍ မျက်မြင်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ရာတွင် တမံကိုယ်ထည်၊ ရေထုတ်ပြွန်၊ ရေပိုလွှဲနှင့် ရေအားလျှပ်စစ်စက်ရုံများ အပါအဝင် ရေအားအဆောက်အအုံများ ထိခိုက်မှုမရှိကြောင်း တွေ့ရှိရသည်။ သဖန်းဆိပ်ရေလှောင်တမံကြီးသည် အမြင့်ပေ ၁၀၈ ပေရှိကာ၊ အလျား ၂၂၅၈၇ ပေရှိပြီး အရှေ့တောင်အာရှတွင် အရှည်လျားဆုံးတမံဖြစ်၍ ရေပြည့်သိုလှောင်ပမာဏ ၂၈ သိန်းခန့် သိုလှောင်ထားနိုင်ကာ စိုက်ပျိုးမြေဧက ၅ သိန်းခန့် ရေပေးဝေနိုင်သည့်အပြင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၃၀) ကိုလည်း ထုတ်လွှတ်ပေးလျက်ရှိသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် ရေလှောင်တမံများ ဘေးကင်းလုံခြုံမှုရှိစေရေး (Dam Safety) လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး မိုးရာသီမတိုင်မီအချိန်မှစ၍ တမံစစ်ဆေးရေးအဖွဲ့လေးဖွဲ့ကိုဖွဲ့စည်းပြီး အရေးကြီးသောတမံများကို ကွင်းဆင်းစစ်ဆေးကာ တွေ့ရှိရသည့် အားနည်းချက်များကို အချိန်မီ ပြုပြင်ခဲ့ပြီးဖြစ်သည်။

ထို့အပြင် အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက ရေလှောင်တမံအောက်ဘက်ရှိ မြို့ပြကျေးရွာနေ ပြည်သူများ၏ အသက်အိုးအိမ်ည်းစိမ် ထိခိုက်မှုလျော့ပါးစေရေးကို အထောက်အကူပြုစေနိုင်ရန်အတွက် အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှု စီမံချက် (Emergency Preparedness Plan-EPP) ကို တမံတစ်ခုချင်းစီအလိုက် ရေးဆွဲကာ EPP ပါ လုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။