အဓိကအကြောင်းအရာသို့ သွားမည်
x

ရှမ်းပြည်နယ် ဟဲဟိုးဒေသတွင် နိုင်ငံတကာအဆင့်မီ လယ်ယာစီးပွားရေး နှင့် စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းဇုန် တည်ထောင်ဆောင်ရွက်နိုင်ရေးဆွေးနွေး

နေပြည်တော်၊ သြဂုတ်လ(၁၃)ရက်

          စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်း စနစ်များ ဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများ ကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရန် ဟူသည့် နိုင်ငံတော်က ချမှတ် ကျင့်သုံးလျက်ရှိသည့် စီးပွားရေး ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသကဲ့သို့  စိုက်ပျိုးရေးထွက်ကုန်များကို ကုန်ကြမ်း မှ တန်ဖိုးမြင့်ကုန်ချောများ အဖြစ် ထုတ်လုပ်တင်ပို့နိုင်ရေး၊    လယ်ယာစိုက်ပျိုးရေးကို အခြေခံ သည့် စီးပွားရေး လုပ်ငန်းများ မှတဆင့် စက်မှု နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးသော နိုင်ငံအဖြစ် တက်လှမ်းနိုင်ရေး တို့ကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

          သီးနှံအမယ်စုံ စိုက်စိုက်ပျိုးဖြစ်ထွန်းသည့် ရေခံမြေခံကောင်းသော ရှမ်းပြည်နယ်၏ လယ်ယာ ထွက်ကုန်များကို ပြည်တွင်း ပြည်ပ ဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိရာ အဆိုပါ သီးနှံများ၏ အာဟာရဓါတ်ပြည်ဝစေရေး အစားအစာဘေးကင်းလုံခြုံရေး၊ သိုလှောင် တင်ပို့ခြင်း လုပ်ငန်းစဉ်များတွင် လေလွင့်ဆုံးရှုံးမှနှင့် သီးနှံအရည်အသွေး ထိခိုက်မှုမရှိစေရေး၊ တန်ဖိုးမြင့် ကုန်ချောများအဖြစ် တင်ပို့ရောင်းချနိုင်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာစီးပွားရေးဇုန် နှင့် စားသောက်ကုန်ထုတ်စက်မှုလုပ်ငန်းများကို ပုဂ္ဂလိက ပိုင်းက အားကောင်းသော ရင်းနှီးမြုပ်နှံမှု ဆောင်ရွက်နိုင်စေရန် ဝန်ကြီးဌာနများက လိုအပ်သောပံ့ပိုးမှုများ ကူညီဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို သြဂုတ်လ (၁၃)ရက်နေ့ နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ရာ အစည်းအဝေး သို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင် နှင့် အမြဲတမ်း အတွင်းဝန်များ ၊ ဦးဆောင်ညွှန်ကြားရေးမှူး နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကပိုင်းမှ လုပ်ငန်းဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ဆွေးနွေး ခဲ့ကြ သည်။

          အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး နှင့် ဒေါက်တာချာလီသန်း တို့က အဖွင့်အမှာစကားများ ပြောကြားကြပြီး ဒုတိယဝန်ကြီးများနှင့် အစည်းအဝေး တက်ရောက် လာကြသူများက စီမံကိန်းလုပ်ငန်းဆိုင်ရာများကို အသေးစိတ်တင်ပြ ဆွေးနွေးခဲ့ကြသည်။

           အစည်းအဝေးတွင် စီမံကိန်းမြေနေရာသတ်မှတ်ဆောင်ရွက်နေမှု နှင့် စီမံကိန်းတွင် ပါဝင်မည့် အဆောက်အအုံဆိုင်ရာများ ၊ ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာများ၊ သီးနှံ များ သယ်ယူခြင်း ၊ သန့်စင်ထုပ်ပိုးခြင်း နှင့် အအေးခန်းသိုလှောင်ခြင်းဆိုင်ရာများ၊ နိုင်ငံတကာ၏ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ တန်ဖိုးမြှင့်ထုတ်လုပ်မည့် စက်ရုံ လုပ်ငန်းဆိုင်ရာများ၊ သုတေသန ဓါတ်ခွဲခန်း ထားရှိဆောင်ရွက်ရန်ကိစ္စရပ်များ၊ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ် တလျှောက် နှင့်  ရိတ်သိမ်းပြီးနောက်ပိုင်းကာလ လုပ်ငန်း စဉ်များတွင် စက်ကိရိယာများ အသုံးပြု နိုင်ရေး၊ သွင်းအားစုများတစ်နေရာတည်းတွင် ရရှိရေးအတွက် စိုက်ပျိုးရေးအခြေခံ စက်မှုဇုန် လုပ်ငန်း ဖော်ထုတ်ဆောင်ရွက်ရေး ၊ နည်းပညာ အသိပညာဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။