အဓိကအကြောင်းအရာသို့ သွားမည်
x

မိုးရာသီစပါးသီးနှံ ကွင်းသရုပ်ပြပွဲနှင့်စပါးဖြုတ်ပိုးကာကွယ်နှိမ်နှင်းနည်းများကွင်းသရုပ်ပြပွဲပြုလုပ်ကျင်းပခြင်း

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဥယျာဉ်ခြံသီးနှံသုတေသနဌာနခွဲလက်အောက်ရှိ ‌ကျောက်တံတားစိုက်ပျိုးရေးသုတေသနခြံ၏ ၂၀၂၀-၂၀၂၁ခုနှစ်၊ မိုးရာသီစပါးသီးနှံကွင်းသရုပ်ပြပွဲနှင့်စပါးဖြုတ်ပိုးကာကွယ်နှိမ်နှင်းနည်းများကွင်းသရုပ်ပြပွဲကို (၃၀.၁၁.၂၀၂၁)ရက်နေ့ နံနက်(၈:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါကွင်းသရုပ်ပြပွဲကိုတောင်သူများရင်ဆိုင်နေရသည့် အခက်အခဲများအားဖြေရှင်းပေးနိုင်သည့် သုတေသနများထဲမှစိုက်ပျိုးရေးသုတေသနဦးစီးဌာန(ရုံးချုပ်)၊ အပင်ဇီဝနည်းပညာဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့်ဆင်းသုခစပါးမျိုးလိုင်းများ၏ သုတေသနထူးခြားချက်များကိုဖော်ထုတ်ပြသရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။   

ကွင်းသရုပ်ပြပွဲအခမ်းအနားတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဉယျာဉ်ခြံသီးနှံသုတေသနဌာနခွဲနှင့် စက်မှုသီးနှံနှင့်နှစ်ရှည်ပင်များသုတေသနဌာနခွဲ ညွှန်ကြားရေးမှူးဒေါက်တာခင်သိန်းညွန့်မှ အဖွင့်အမှာစကားပြောကြားပြီးခြံတာဝန်ခံ၊ ဦးအောင်ထွန်းမြင့်မှ စပါးစမ်းသပ်ကွက်များအကြောင်းကိုရှင်းလင်းပြောကြားခဲ့ပါသည်။

  Anther Culture ဖြင့် ဆောင်ရွက်ထားသော ဆင်းသုခစပါးမျိုးလိုင်းများသည် မိဘ ဆင်းသုခ စပါးမျိုးထက်သက်တမ်း(၁၀-၁၄ ရက်)ပိုတိုခြင်း၊ အစေ့အရွယ်အစားပိုကြီးခြင်း၊ နှံစပို၍ရှည်ခြင်းစသည့်လက္ခဏာများအား တောင်သူများ မျက်မြင်တွေ့ရှိခဲ့ရပါသည်။

 သို့ဖြစ်ပါ၍ အဆိုပါအလားအလာကောင်းသော သက်တမ်းတို ဆင်းသုခမျိုးလိုင်းများသည် ဆင်းသုခစိုက်ပျိုးသောဒေသများတွင် နွေ၊ မိုး စိုက်ပျိုးနိုင်သည့်အပြင် ရေကျနောက်စိုက် စိုက်ပျိုးသောဒေသများအတွက်လည်း အထူးသင့်လျော်သော မျိုးလိုင်းသစ်များဖြစ်ပါသည်။

အဆိုပါမျိုးလိုင်းသစ်များအား လာမည့်နွေရာသီတွင်လည်း ထပ်မံစမ်းသပ်စိုက်ပျိုးပြီး တောင်သူပါဝင်သောမျိုးရွေးချယ်ပွဲများပြုလုပ်၍ဒေသနှင့်သင့်လျော်ပြီး ပြောင်းလဲလာသောရာသီဥတုနှင့်လိုက်လျောညီထွေသော သက်တမ်းတိုဆင်းသုခ စပါးမျိုးလိုင်းသစ်များရရှိရန်ဆက်လက်ရွေးချယ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။