အဓိကအကြောင်းအရာသို့ သွားမည်
x

ရန်ကုန်မြို့တော် မိုင်(၃၀)ဝန်းကျင် စိမ်းလန်းစိုပြည်ရေး လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားမည်

ရန်ကုန်မြို့တော် မိုင်(၃၀)ဝန်းကျင် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ(၁)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

     အစည်းအဝေးတွင် ဒုတိယဝန်ကြီး က အမှာစကားပြောကြားရာ၌ ရန်ကုန်မြို့တော် မိုင်(၃၀)ဝန်းကျင် စိမ်းလန်းစိုပြည်ရေး အကောင် အထည်ဖော် ဆောင်ရွက်ရာ တွင် ဒေသရေမြေနှင့် ကိုက်ညီပြီး ဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသည့် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်စေရေး အတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားရန် လိုကြောင်း၊ အထူးသဖြင့် ကမ်းရိုးတန်း ဒေသများ နှင့် အခြေအနေပေးသည့် နေရာများတွင် အုန်းစိုက်ပျိုးရေးလုပ်ငန်းများကို တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဒေသစိမ်းလန်း စိုပြည်ရေး နှင့် လေကာပင်များအဖြစ်  သဘာဝဘေး အကာအကွယ် အတွက်သာမက အုန်းနှင့် အုန်းထွက် ပစ္စည်းထုတ်လုပ်ခြင်းများ မှ ဝင်ငွေအကျိုးအမြတ် ရရှိနိုင်သဖြင့် ဒေသခံများ စိုက်ပျိုး လုပ်ကိုင်နိုင်ကြစေရန် အသိပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ သစ်သီးဝလံပန်းမန်များတိုးတက်ထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးရေချွေတာရေး နည်းလမ်း များ နှင့် ခေတ်မီစိုက်ပျိုးမွေးမြူရေးနည်းပညာများ အသုံးပြုနိုင်ရေး အတွက် နည်းပညာပေး လုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အခြားတစ်ဘက်တွင်လည်း ပြည်သူများ အတွက် ဈေးနှုန်းသက်သာပြီး အာဟာရပြည့်ဝသော စားနပ်ရိက္ခာများ တိုးတက် ထုတ်လုပ်နိုင်ရေးကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့ကျရာအခန်းကဏ္ဍများ က စနစ်တကျစီမံဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

     ထို့နောက် သက်ဆိုင်ရာဌာနများက အုန်းစိုက်ပျိုးရေးအတွက် နည်းပညာနှင့်လိုအပ်ချက်များ ပံ့ပိုးကူညီနိုင်ရေးလုပ်ငန်းဆိုင်ရာများ ၊ ခေတ်မီပြီး နည်းစနစ်ကျနသည့် စိုက်ပျိုးမွေးမြူမှုများ ဖြစ်ပေါ်လာစေရေး စီမံဆောင်ရွက်နေမှုများ ၊ တစ်နိုင်တစ်ပိုင် လုပ်ငန်း နှင့် စီးပွားဖြစ် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ၏ မတူညီသည့် လိုအပ်ချက်များကို ဘက်စုံကဏ္ဍစုံမှ ကူညီပံ့ပိုးပေးနိုင်ရေး၊ စိုက်ပျိုးမြေများ စနစ်တကျ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေဖူလုံရေး နှင့် စိုက်ပျိုးရေချွေတာရေး၊ စက်မှုလယ်ယာစနစ်ကို ပီပြင်စွာ အသုံးပြုလုပ်ကိုင်နိုင်ရေး၊ တိရစ္ဆာန် အစာပင်စိုက်ပျိုးကျွေးမွေး သည့်စနစ် ပိုမိုဖွံ့ဖြိုးလာရေး၊ စိုက်ပျိုးထုတ်လုပ်မှု နှင့် သား ငါး မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဟန်ချက်ညီ တိုးတက်ရေး အစီအမံများကို ဆွေးနွေးခဲ့ကြသည်။

     ရန်ကုန်မြို့တော် မိုင်(၃၀)ဝန်းကျင် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းစီမံကိန်းဧရိယာအတွင်း မိုးစပါး စိုက်ဧက(၁၁)သိန်းကျော် အပါအဝင် နွေ ၊ မိုး ၊ ဆောင်း သီးနှံစုံ စိုက်ဧရိယာ စုစုပေါင်း ၁၉၇၂၆၁၉ဧက ရှိကြောင်း၊ စီမံကိန်းဧရိယာအတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ခေတ်မီနည်း ပညာများ ကို ထိရောက်စွာအသုံးပြု လုပ်ကိုင်နိုင်ကြစေရန်၊ သီးနှံသားငါးထုတ်လုပ်မှုများ တိုးတက်လာပြီး ဒေသနေ ပြည်သူ တစ်ဦးချင်း၏ ဝင်ငွေ တိုးတက်လာစေရန်တို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန က ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

crd  www.agri.com.mm