အဓိကအကြောင်းအရာသို့ သွားမည်
x

မန္တလေးတိုင်းဒေသကြီး ၌ နေကြာနှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ ချည်မျှင်ရှည်ဝါ တိုးတက်ထုတ်လုပ်ရေးကြိုးပမ်း

မန္တလေးတိုင်းဒေသကြီး ၌ နေကြာနှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ ချည်မျှင်ရှည်ဝါ တိုးတက်ထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ (၇)ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ နှင့် တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးပြောကြားရာတွင်  ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီ ကို ပြည်သူများ ဖူလုံစွာ စားသုံးနိုင်ရေးနှင့် သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေး အတွက် ဆီထွက်နှုန်းကောင်းမွန်သည့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး အားပေးကူညီသွားမည်ဖြစ်ကြောင်း၊ နေကြာသီးနှံသည် တစ်ဧက ဆီထုတ်လုပ်မှုနှုန်း အမြင့်ဆုံး သီးနှံဖြစ်၍ ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို တစ်ရာသီ နှစ်ရာသီ အတွင်း သိသိသာသာ ဖြည့်ဆည်းပေးနိုင်ရန် မျှော်မှန်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တောင်သူ တွက်ခြေကိုက်သော အထွက်နှုန်းရရှိရေးအတွက် လိုအပ်သော မျိုးကောင်းမျိုးသန့် ရရှိရေး၊ နည်းပညာနှင့် အကူအညီများပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ စားသုံးဆီသန့် ထုတ်လုပ်ရေး လုပ်ငန်းစဉ်များအတွက် လိုအပ်သော ကြိုတင်ညှိနှိုင်း ဆောင်ရွက်မှုများကို ပုဂ္ဂလိကဆီလုပ်ငန်းရှင်များ နှင့် ကြိုတင်ညှိနှိုင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊

အလားတူ ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်မှု ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် လက်ရှိထုတ်လုပ်လျှက်ရှိသည့် ဝါမျိုးများထက် ဂွမ်းမွှေးပိုမိုရှည်လျားပြီး အရည်အသွေးကောင်း ချည်မျှင်ရှည်ဝါမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရန် ပြည်ပမှ မျိုးသစ်များ တင်သွင်း စိုက်ပျိုး နိုင်ရေး နှင့် မျိုးစေ့ထုတ်တောင်သူ အသင်းအဖွဲ့များ အားကောင်းလာစေရန် မျိုးစေ့ထုတ် သမဝါယမ အသင်းများ ဖွဲ့စည်းလုပ်ကိုင်နိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊  ဝါသီးနှံမှ အဝတ်အထည်အတွက် ချည်ထုတ်လုပ်ခြင်းအပြင် ဝါစေ့ဆီကို စားသုံးဆီအဖြစ် သန့်စင် ထုတ်ယူ နိုင်သကဲ့သို့ ဝါစေ့ကြိတ်ဖတ်ကိုလည်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ခြင်း ကြောင့် ဘက်စုံအကျိုးပြုနိုင်သော သီးနှံဖြစ်၍ တိုးချဲ့စိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက် ရခြင်းဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို က မန္တလေးတိုင်းဒေသကြီး အတွင်း သီးနှံအမယ်စုံ စိုက်ပျိုး ဖြစ်ထွန်းလျှက်ရှိပြီး အထူးသဖြင့် ဆီထွက်သီးနှံ နေကြာ နှင့် ဝါသီးနှံ အောင်မြင်ဖြစ်ထွန်းရန် သေချာသည့် ဒေသများတွင် တိုးချဲ့စိုက်ပျိုးရေး စီမံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်သူများအတွက် ဝင်ငွေအကျိုး အမြတ် ရရှိစေမည့် သီးနှံပုံစံဖြစ်စေရေး အလေးထား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က နေကြာနှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ ချည်မျှင်ရှည်ဝါ တိုးတက်ထုတ်လုပ်ရေး ဆိုင်ရာများ၊ မွေးမြူရေးဇုံအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသ သောက်သုံးရေ စိုက်ပျိုးရေဖူလုံရေး အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြ ဆွေးနွေးကြသည်။

မန္တလေးတိုင်းဒေသကြီး ရှိ ဆည် ကန်များနှင့် ရေတင်စီမံကိန်းရေသောက်စနစ်များတွင် ရေလိုအပ်ချက်နည်းသည့် နေကြာ နှင့် ချည်မျှင်ရှည်ဝါ သီးနှံများကို အစားထိုး စိုက်ပျိုးသွားမည် ဖြစ်ပြီး ၊ တောင်သူနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား အကျိုးတူ ကန်ထရိုက် လယ်ယာစနစ် ကျင့်သုံးဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်း ဒေသကြီးတွင် နေကြာသီးနှံကို မိုး နှင့် ဆောင်းသီးနှံများအဖြစ် လက်ရှိတွင် ဧက ၁၂၀၀၀၀ ကျော် စိုက်ပျိုးလျက်ရှိပြီး လာမည့် စိုက်ပျိုးရာသီမှစ၍ ဧက ၁၇၀၀၀၀ ထပ်မံ တိုးချဲ့ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ရာ စုစုပေါင်း နေကြာဧက ၂၉၀၀၀၀ ကျော် စိုက်ပျိုး ထုတ်လုပ် သွားမည်ဖြစ်ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မတ်လ (၆)ရက်နေ့ နံနက်ပိုင်းကလည်း ဝမ်းတွင်းမြို့နယ် ရွှေတောင်ခြံ တွင် စိုက်ပျိုးရေး ဦးစီးဌာန အောက်ရှိ ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး ဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံ၍ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆောင်ရွက်ရန် လိုအပ်ချက်များ၊  သုတေသန စိုက်ကွက်များ ၊ မျိုးစေ့ထုတ် စိုက်ခင်းများ ဆောင်ရွက်ရာတွင် အကျိုးဆောင်တောင်သူများနှင့်ပူးပေါင်း၍ စွမ်းအားပြည့် ထုတ်လုပ်ရန် လိုအပ်ချက်များ ၊ မိမိတို့ခြံများက မျိုးပွားထုတ်လုပ် လိုက်သည့် မျိုးစေ့ အဆင့်အလိုက် ဝါမျိုးစေ့များ တောင်သူ့ လယ်ဝယ် စီးဆင်းရောက်ရှိ အသုံးပြုမှု မှတ်တမ်းများ ထားရှိဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဝါမျိုးကောင်း မျိုးသန့်မျိုးစေ့များ ဖူလုံစွာ သုံးစွဲနိုင်ရေး အစီအမံများ စနစ်တကျရေးဆွဲဆောင်ရွက်ရန် ကိစ္စရပ်များ၊ ဝါစိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်ကို  လေ့လာဖော်ထုတ်ရန် နှင့် စက်ရုံများ လိုအပ်သည့် ဝါအရည်အသွေး ဖြစ်စေရေး အလေးထား ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်ရှိ စိုက်ပျိုးရေးသိပ္ပံ သို့ ရောက်ရှိကြပြီး စိုက်ပျိုးရေး သိပ္ပံ နှင့် မွေးမြူရေး ဒီပလိုမာ သင်တန်းများအတွက် ဘာသာရပ်အလိုက် သင်ကြားရေးလုပ်ငန်းများ ပြည့်စုံစေရေး ဆောင်ရွက် ထားရှိမှု ၊ မွေးမြူရေးတိရစ္ဆာန်များ နှင့် တိရစ္ဆာန်အစာပင်များ စိုက်ပျိုးကျွေးမွေးမှု စနစ်များ ကိုကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီး က မွေးမြူရေးတိရစ္ဆာန်များ၏ မွေးမြူ တိုးပွား ရောင်းချခြင်း မှတ်တမ်းမှတ်ရာများ စနစ်တကျထားရှိရန် ၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို ရာသီအလိုက် တစ်နှစ်ပတ်လုံး လက်တွေ့အောင်မြင်စွာ လုပ်ကိုင်နိုင်သည့် စွမ်းဆောင်ရည် ပြည့်ဝသော လူသားအရင်းအမြစ်များအဖြစ် သင်ကြားလေ့ကျင့်မွေးထုတ်ပေးရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကိုအခြေခံသည့် အသက်မွေးဝမ်းကျောင်းပညာကျွမ်းကျင်သူများ တိုးပွားလာရေး အတွက် စိုက်ပျိုးရေးသိပ္ပံ နှင့် မွေးမြူရေး ဒီပလိုမာသင်တန်း တက်ရောက် လိုသူများ ၏ လိုအပ်ချက်များ ကို မိမိတို့တတ်နိုင်သည့်ဘက်က ဝိုင်းဝန်း ကူညီ ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး သည် ညနေပိုင်းက ပြင်ဦးလွင် ရှိ ပွေးတောင် ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ တွင် မြန်မာနိုင်ငံ ကော်ဖီအသင်း တာဝန်ရှိသူများ နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအား တွေ့ဆုံ၍ မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင် ကို ပြည်တွင်းဈေးကွက် နှင့် ပြည်ပ တင်ပို့မှု အတွက် အရည်အသွေးမြင့် ကော်ဖီထုတ်ကုန်များ အဓိကထုတ်လုပ်သည့် ဒေသအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကော်ဖီစိုက်ပျိုးသည့် ဧရိယာအားလုံး ထုတ်လုပ်မှု စွမ်းအား အပြည့်အဝ ထုတ်လုပ်နိုင်ရေး အတွက် သက်ဆိုင်ရာအစိုးရဌာန ၊ မြန်မာနိုင်ငံ ကော်ဖီအသင်း နှင့် ပုဂ္ဂလိက တို့ ပူးပေါင်း ဆောင်ရွက်သွားရန်လိုအပ်ချက်များ၊ ကော်ဖီအခြေခံ တန်ဖိုးမြင့်ကုန်ချောထုတ်လုပ်ငန်းများ ဖွံ့ဖြိုး လာရေး အလေးထားဆောင်ရွက်ရန် လိုအပ် ချက်များ ကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Credit: www.agri.com.mm