အဓိကအကြောင်းအရာသို့ သွားမည်
x

မွေးမြူထုတ်လုပ်သည့် မျိုးသစ်များကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် စီးပွားဖြစ် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ညှိနှိုင်းဆွေးနွေး

၂၀၂၂ခုနှစ် မတ်လ(၈)ရက်က စိုက်ပျိုးရေးသုတေသန ဦးစီးဌာနရုံးချုပ်ရှိ  နဝရတ် ခမ်းမ၌   စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ မွေးမြူထုတ်လုပ်သည့် မျိုးသစ်များကို မျိုးစေ့ကုမ္ပဏီများ နှင့် ပူးပေါင်း၍  စီးပွားဖြစ် မျိုးထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး လုပ်ငန်း ညှိနှိုင်းဆွေးနွေး ခြင်းကို ပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးသို့ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ ညွှန်ကြား ရေးမှုးချုပ်‌ ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန် ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဌာနစု တာဝန်ခံများ၊ စိုက်ပျိုးရေး သုတေသန ဦးစီး ဌာနအောက်ရှိ စိုက်ပျိုးရေး သုတေသန ခြံများ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မျိုးစေ့ထုတ် ကုမ္ပဏီများမှ တာဝန်ရှိ သူများ တက် ရောက် ခဲ့ကြ ပါသည်။

အဆိုပါအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် မှ အဖွင့်အမှာစကားပြောကြားရာ  စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ မွေးမြူထုတ်လုပ်သည့် မျိုးသစ်များကို ပုဂ္ဂလိက မျိုးစေ့ထုတ် ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တောင်သူများ လိုအပ်သလောက် မျိုးစေ့ များ ရရှိရန် ထုတ်လုပ် ပေးသွားနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့၏ဌာနမှထုတ်လုပ်သော မျိုးသစ်များအား ပုဂ္ဂလိက ကုမ္ပဏီများနှင့်ပူးပေါင်းထုတ်လုတ်ဖြန့်ဖြူးခြင်းအားဖြင့် နိုင်ငံခြားမှ ဝယ်ယူတင်သွင်း ရသည့် အတွက် ပေးချေရသည့်‌ နိုင်ငံခြားငွေများအား ချွေတာရာရောက်ပြီး ပြည်တွင်း ဖြစ်ကို အားပေးရာရောက်ပါကြောင်း၊  မိမိတို့နိုင်ငံမှ တောင်သူများ အနေဖြင့်လည်း နိုင်ငံခြားမျိုး မဟုတ်သည့် မိမိတို့ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ မျိုးစပ်မွေးမြူထားသောမျိုးများအား အသုံးပြုခြင်းဖြင့် စျေးနှုန်း ချိုသာစွာဖြင့်  အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေး ပွဲတွင် တက်ရောက်လာသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း ပူးပေါင်း ဆောင်ရွက်မှုများ ဆောင်ရွက်လို သည့် ပုံစံကို ပွင့်ပွင့် လင်းလင်း ညှိနှိုင်းဆွေးနွေး နိုင်ပါကြောင်းပြောကြားခဲ့ပါသည်။     

ဆက်လက်၍ညွှန်ကြားရေးမှူး ဒေါက်တာအောင်မိုးမျိုးတင့်မှ စိုက်ပျိုးရေး သုတေသန ဦးစီး ဌာန၊ အခြားနှံစား သီးနှံသုတေသနဌာနစုများမှ အလားအလာကောင်းသော စပ်မျိုး ပြောင်းမျိုး သစ်များအား ဒေသအလိုက် အထွက်ယှဉ်ပြိုင် စမ်းသပ် ထားမှုများအား လည်းကောင်း၊ ပြောင်းဖူး ရွက်ဖုံး ခြောက်ရောဂါ ခံနိုင်ရည် ရှိမှုအားစမ်းသပ်ထားမှု အခြေ အနေများ၊ စံပြ ကွက်များ ပြုလုပ်၍ တောင်သူများ ကိုယ်တိုင် ပါဝင်၍ မျိုးရွေးချယ်စေခြင်း များအားလည်းကောင်း တင်ပြခဲ့ပါသည်။ ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ မွေးမြူထုတ်လုပ်သည့် မျိုးသစ်များ အနက်မှ မျိုးစေ့ကုမ္ပဏီများမှ ရွေးချယ်ထားသောမျိုးများ၏ အရည်အချင်း လက္ခဏာ များအား မိတ်ဆက်ပြသပေးခြင်းအားလည်းကောင်း၊  စိုက်ပျိုးရေး သုတေသန ဦးစီးဌာန နှင့်ပုဂ္ဂလိက၊ အစုအဖွဲ့များနှင့် အခြားအဖွဲ့အစည်းများ စီးပွားဖြစ် ပူးပေါင်း ဆောင်ရွက် နိုင်မည့် ပုံစံများ အားလည်းကောင်း ချပြဆွေးနွေးခဲ့ကာ ပုဂ္ဂလိက မျိုးစေ့ ကုမ္ပဏီ အနေဖြင့် ပူးပေါင်း လိုသည့် ပုံစံများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။