အဓိကအကြောင်းအရာသို့ သွားမည်
x

ဆန်စပါး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အစိုးရ – ပုဂ္ဂလိက လုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပ

ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစိုးရ ပုဂ္ဂလိကလုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲ ကို မတ်လ (၁၁) ရက် နေ့ မွန်းလွဲပိုင်း က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းချုပ် UMFCCI ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ ၊ မြန်မာနိုင်ငံ    ဆန်စပါး အသင်းချုပ် ဥက္ကဌ နှင့် ညီနောင်အသင်းများမှ ဥက္ကဌများ နှင့် အလုပ်အမှုဆောင်များ  တက်ရောက်ကြသည်။ 

     အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က အဖွင့်အမှာစကားပြောကြား ရာ၌ ဆန်စပါးကို ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့မှုတိုးတက်ရေးအတွက် မူဝါဒများ ချမှတ်ရာတွင် အထောက်အကူပြုနိုင်ရေး ၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများနှင့် လုပ်ငန်းစဉ် ကွင်းဆက် တလျှောက်တွင် ပါဝင်ပတ်သက်သူများ မျှတစွာအကျိုးအမြတ်ရရှိရေး အတွက် ဆောင်ရွက်ရန်လိုကြောင်း၊ သို့ဖြစ်ရာ မှန်ကန်သော သတင်းအချက်အလက် ကိန်းဂဏန်းများကို အားလုံးက အချိန်နှင့်တပြေးညီ ရရှိရေးအတွက် အချင်းချင်း သတင်း အချက်အလက် ဖလှယ် ရေး တွင် ပူးပေါင်းဆောင်ရွက်နိုင်ကြစေရန် ယနေ့ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ နိုင်ငံ၏ အဓိက စားနပ်ရိက္ခာဖြစ်သော ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ကြိတ်ခွဲ သိုလှောင် ရောင်းချမှု စားသုံးမှု တင်ပို့ရောင်းချမှု တို့ကို ဟန်ချက် ထိန်းညှိပေးရေး ၊ ထုတ်လုပ်မှု စရိတ်နှင့် အကျိုးအမြတ် ၊ ပြည်တွင်းကုန်ဈေးနှုန်းတို့အပေါ် အခြေခံပြီး ပြည်ပတင်ပို့မည့် ဆန်၏ အရည်အသွေး နှင့် အရေအတွက်ကို ချိန်ဆ ဆောင်ရွက် သွားနိုင်ရေး အတွက် သက်ဆိုင်ရာ ကဏ္ဍများမှ ဝိုင်းဝန်း ပူးပေါင်းရွက်ကြစေလိုကြောင်း၊ အထူးသဖြင့် ဆန်ဈေး အတက်အကျ ကွာဟချက် ကြီးမားမှု မရှိစေရေး နှင့် ဈေးနှုန်းတည်ငြိမ်စေရေး၊ ဆန်လုပ်ငန်း ကုန်သွယ်မှု အကျိုးအမြတ်မှ တောင်သူများရရှိသင့်သည့် အကျိုး အမြတ် အချိုး မှန်ကန်စွာ ခံစားခွင့် ရရှိစေရေး ဦးစားပေး ဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ အခြားတစ်ဘက်တွင်လည်း ဝင်ငွေနည်းပြည်သူများအတွက် ဆန်ဈေးနှုန်းကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး ထည့်သွင်း စဉ်းစားဆောင်ရွက်ကြရန်တိုက်တွန်းပါကြောင်းဖြင့် ဆွေးနွေးပြောကြား သည်။

     ထို့နောက် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌနှင့် ညီနောင်အသင်းများမှ ဥက္ကဌများ နှင့် အလုပ်အမှုဆောင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် လက်ရှိ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများ၊ ထုတ်လုပ်မှုနှင့် ပြည်တွင်း ပြည်ပဈေးကွက်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

     မြန်မာနိုင်ငံတွင် နွေစပါးနှင့် မိုးစပါးစိုက်ဧရိယာ စုစုပေါင်း ဧက (၁၇)သန်းကျော် ရှိပြီး စပါး တန်ချိန်(၂၇) သန်း ကျော် ထွက်ရှိကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ( ၁ . ၂ ) သန်း ကျော် တင်ပို့ရောင်းချထားပြီးဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ဖြစ်ပေါ် နေသော ဓါတ်မြေဩဇာဈေးနှုန်း ကြီးမြင့်လာမှုမှ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သူများ သက်သာခွင့်ရရှိနိုင်ကြစေရန် ပြည်တွင်းစက်ရုံများ မှ ထွက်ရှိသည့် ယူရီးယားဓါတ်မြေဩဇာများ ကို သက်သာသော နှုန်းထားဖြင့် တိုင်းဒေသကြီး ပြည်နယ်များ အလိုက် ဖြန့်ဖြူးပေးလျက် ရှိကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသော ကမ္ဘာ့ကုန်သွယ်ရေးနှင့် ဈေးနှုန်းအခြေအနေများကြောင့် သွင်းအားစုနှင့်လယ်ယာထွက်ကုန်ပစ္စည်း ကုန်ဈေးနှုန်းများ ကြီးမြင့်လာမှုမှတဆင့် အဓိကရိက္ခာ ဆန်စပါး၊ ဆန်ထွက်ပစ္စည်းများကိုအခြေခံ ထုတ်လုပ်သော သား ငါးများ အပါအဝင် စားသောက်ကုန်များ ထုတ်လုပ်ရောင်းချမှုအပေါ် ထိခိုက်မှု သက်သာလျှော့ပါးစေရေးအတွက် ယနေ့အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးဌာန  နှင့် ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများ အကြား ညှိနှိုင်းဆွေးနွေးကြခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

crd www.agri.com.mm