အဓိကအကြောင်းအရာသို့ သွားမည်
x

ငါးသလောက်ငါးမျိုးများထိန်းသိမ်းရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

၁။      Bay of Bengal ရေပြင်အတွင်းရွေ့ပြောင်းသွားလာကျက်စားနေသော ငါးသလောက် ငါးမျိုးစိတ်သည် အထူးသဖြင့် မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် (၃) နိုင်ငံရှိ ကမ်းခြေများတွင် အုပ်စုလိုက်ရွှေ့ပြောင်းသွားလာနေကြကြောင်း၊ ငါးသလောက်ငါးများ၏မျိုးပွားဇီဝဗေဒ ဆိုင်ရာ အရ ပင်လယ်အတွင်း ကြီးပြင်းပြီးသားပေါက်ရန်အတွက် ရေချို/ရေငန်စပ်ရေပြင်များဖြစ်သော မြစ်ချောင်းများအတွင်းသို့ဝင်ရောက်သားပေါက်ခြင်း အဆိုပါသားပေါက်များသည်လည်း တဖန် ပင်လယ်ပြင်အတွင်းသို့ အုပ်စုလိုက်ရွေ့ပြောင်းကြီးပြင်းသည့် (Anadromous) ငါးမျိုးစိတ် ဖြစ်ကြောင်း၊ ထိုကဲ့သို့ အုပ်စုလိုက်ရွေ့ပြောင်းသွားလာကျက်စားနေသော ငါးသလောက်ငါးများကို စနစ်တကျ ဖမ်းဆီး၍ ရေရှည်သုံးစွဲနိုင်ရန် ရည်ရွယ်ပြီး မျိုးပွားသားပေါက်ရန် စားကျက်များ၊ ငါးနေငါးထိုင်များ ကာကွယ်စောင့်ရှောက်ခြင်း၊ မျိုးပွားသားပေါက်ရန်၀င်ရောက်လာသော မျိုးငါးများကို အကာအကွယ်ပေးခြင်း၊ ငါးသားပေါက်များကိုလည်း လွတ်လပ်စွာ ကြီးထွားခွင့် ပေးခြင်း၊ အုပ်စုလိုက်ရွှေ့ပြောင်းရာလမ်းကြောင်းများကို ထိန်းသိမ်းစောင့်ရှောက်ပေးခြင်း၊ သဘာ၀တွင် သားပေါက်နိုင်သော အခြေအနေများကို တိုင်းတာခြင်း စသည့် သုတေသနလုပ်ငန်း အချို့အား မြန်မာရေပြင်အတွင်းဆောင်ရွက်ထားရှိပြီးဖြစ်သည့်အတွက် ငါးသလောက်ငါးမျိုးများ ထိန်းသိမ်းရေနှင့် ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် 

၂။ မြန်မာ့ရေပြင်အတွင်း ငါးသလောက်ငါး သယံဇာတရေရှည်တည်တံ့စေရေးအတွက် သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပြီး သုတေသနနှင့် သက်သေအထောက်အထား များကိုအခြေခံသော ထိရောက်သည့် စီမံခန့်ခွဲမှုအစီအမံများ (Research based/ Evidence based management measures) ချမှတ်ဆောင်ရွက်နိုင်ရန်နှင့် ဒေသတွင်းနိုင်ငံများနှင့်ချိတ်ဆက်ပြီး ဈေးကွက်စနစ်ပိုမိုခိုင်မာလာစေရန် ရည်ရွယ်၍ (၁၁.၁.၂၀၂၂)ရက်နေ့တွင် ရုံးအမှတ်(၁၅)ရှိ အစည်းအဝေး ခန်းမကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် /ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ၊ သုတေသနပညာရှင်များ၊ WorldFish -Myanmar မှ အကြံပေးပညာရှင်များအပါအဝင် စုစုပေါင်း(၅၇)ဦး တက်ရောက်ခဲ့ကြပါသည်။

၃။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးသလောက် သားပေါက်သည့်နေရာများအား ထိန်းသိမ်းကာကွယ်ရန်ဘေးမဲ့ဧရိယာ(၁၁)ခု၊ မျိုးဆောင် ငါးသလောက်ငါးများရွှေ့ပြောင်း သွားလာရာလမ်းကြောင်းအားရာသီအလိုက် ပိတ်ပင် နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး ရှိ တိုးမြစ်ကြောင်း၊ ဘိုကလေးမြစ်ကြောင်း၊ ပြန်မလော့မြစ်ကြောင်းနှင့် ရွေးမြစ်ကြောင်း စသည့် မြစ်ကြောင်း (၄)ခုအား ငါးသလောက်ဖမ်းဆီးခြင်းမပြုသည့် ကာလသတ်မှတ်ရန် လည်းကောင်း၊ရခိုင် ပြည်နယ်၊ မြေပုံမြို့နယ်နှင့် မင်းပြားမြို့နယ်အကြားရှိ မင်းကြောင်းမြစ်အတွင်း ထိန်းသိမ်းရေး နေရာ(၁)နေရာအားရာသီအလိုက်ပိတ်ပင်ရန်လည်းကောင်း၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်း ဒေသကြီး ဆက်စပ်နယ်မြေ ဖြစ်သည့် စစ်တောင်းမြစ်ဝ(Ramsar Site) ရှိ ရာသီအလိုက် ငါးသလောက် ကာကွယ်ထိန်းသိမ်းရေးနေရာ(၁)နေရာ နှင့် မွန်ပြည်နယ်ငါးဖမ်းကွက်အမှတ် D2 နှင့် D3 ကို ရာသီအလိုက်ပိတ်ပင်ရန် သဘောတူဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့်ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။

၄။ ငါးသလောက်ငါးမျိုးများထိန်းသိမ်းရေးအတွက် ငါးသလောက်မဖမ်းဆီးရ ဘေးမဲ့နေရာ များနှင့် ငါးသလောက်မဖမ်းဆီးရ ကာလများသတ်မှတ်ရေးအတွက် မြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေနှင့် ရေချိုငါးလုပ်ငန်းဥပဒေတို့နှင့်အညီ အမိန့်ကြော်ငြာစာများ ထုတ်ပြန် ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။