အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း ၏ စာသင်နှစ်အလိုက် သင်တန်းများ ပြန်လည်ဖွင့်လှစ်ရေး အကြိုလုပ်ငန်းများအား ကြည့်ရှု စစ်ဆေး

စီးပွားရေး ကျန်းမာရေး အပါအဝင် ကဏ္ဍစုံမှ စိန်ခေါ်မှု အခက်အခဲများ ရှိနေသော်လည်း မျိုးဆက်သစ်လူငယ်မောင်မယ်များ၏ အနာဂတ် ဖြောင့်ဖြူးသာယာရေး၊ လယ်ယာကဏ္ဍအတွက် အရေးပါသည့် ကျွမ်းကျင်သောလူသားအရင်းအမြစ်များ မွေးထုတ်ပေးရေးအတွက် ဆရာ့ဝတ္တရား ကျေပွန်စွာ စေတနာထား ကြိုးစား အားထုတ်နေကြသည့် ဆရာကြီး ဆရာမကြီးများကို ကျေးဇူးအထူးတင်ရှိပါကြောင်း မေလ(၁၀)ရက်နေ့ နံနက်ပိုင်းက ပျဉ်းမနား စိုက်ပျိုးရေး သိပ္ပံကျောင်း ၏ စာသင်နှစ်အလိုက်သင်တန်းများ ပြန်လည်ဖွင့်လှစ်ရေး အကြို လုပ်ငန်းများအား ကြည့်ရှု စစ်ဆေးစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ပြောကြားသည်။

     ရှေးဦးစွာ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများသည် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း ၏ စာသင်ဆောင်များ၊ လက်တွေ့ခန်းများ ၊ ဓါတ်ခွဲခန်း နှင့် စာကြည့်တိုက်များ၊ ကျောင်းသူ ကျောင်းသား အဆောင်များ၊ စားရိပ်သာနှင့် စားဖိုဆောင်များ၊ ကျန်းမာရေး နှင့် လုံခြုံရေး ဆိုင်ရာ အစီအမံများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ ကျောင်းအုပ်ကြီး နှင့်တာဝန်ကျ ဆရာ ဆရာမများ က ရှင်းလင်းတင်ပြကြသည်။

     တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က လက်ခံသင်ကြားပေးနိုင်သည့် ပမာဏ အပြည့်အဝ လက်ခံသင်ကြားပေးနိုင်ရေး၊ သတ်မှတ် ထားသည့် စာသင်ကာလ အတွင်း သင်ကြားရေး လုပ်ငန်းများ ထိရောက်စွာ သင်ကြားလေ့ကျင့်ပေးရေး ၊ နည်းပညာရပ်ဆိုင်ရာ ပြဌာန်းသင်ခန်း စာများ အပြင် တွေးခေါ်မြော်မြင်နိုင်စွမ်း နှင့် ဆင်ခြင်သုံးသပ်နိုင်စွမ်းမြင့်မားရေး၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အပေါ် တန်ဖိုးထားတတ်စေရေး နှင့် အများအကျိုးမျှော်ကိုး ရွက်ဆောင် တတ်သူများ ဖြစ်စေရေး ထည့်သွင်း သွန်သင်ဆွေးနွေးပေးရန် လိုအပ်ချက်များ ကို ဆရာ ဆရာမများ အား ဆွေးနွေး မှာကြား သည်။

     ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရသည့် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များ ၊ သင်တန်းကျောင်းများ ကို မေလ(၁၂)ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်ရာ တိုင်းဒေသကြီး ပြည်နယ်များရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းများကိုလည်း သက်ဆိုင်ရာ စာသင်နှစ်များ အလိုက် သင်တန်းများဖွင့်လှစ်သင်ကြားပေးနိုင်ရေး၊ သင်တန်းသူ သင်တန်းသားများ နေရေး၊ စားရေး နှင့် ပညာသင်ယူရေး ဆိုင်ရာများကို ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဘေးကင်းလုံခြုံစွာ ဆောင်ရွက်နိုင်ကြစေရေး အတွက်တာဝန်ရှိသူများက စနစ်တကျ စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

     ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ဥတ္တရခရိုင် ဇေယျာသီရိမြို့နယ် သစ်စိမ်း မြေဩဇာ ၊ ပိုက်ဆံလျှော် ဧက(၁၀၀) ကွင်းပိတ်စိုက်ပျိုးပွဲ သို့ တက်ရောက်ပြီး ဒေသခံ တောင်သူများနှင့်အတူ ပိုက်ဆံလျှော်မျိုးစေ့များ ကြဲပက်စိုက်ပျိုးပေးခဲ့သည်။

     သစ်စိမ်းမြေဩဇာ အဖြစ်အသုံးပြုမည့် ပိုက်ဆံလျှော်မျိုးစေ့ ကြဲပက်စိုက်ပျိုးပွဲအခမ်းအနား ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသနေ တောင်သူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးရေး၊အခြေအနေပေးသည့် စိုက်ခင်းများတွင် သီးညှပ် သီးရော  စိုက်ပျိုးရေး၊ စိုက်ပျိုးရေသေချာသည့် ဧရိယာများတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန နှင့် တောင်သူများ ပူးပေါင်း၍ နေကြာ မျိုးစေ့ထုတ်စိုက်ခင်းများ ထူထောင် ဆောင်ရွက်ရေး၊ ဈေးကွက်အလားအလာ နှင့် ရာသီဥတုအခြေအနေကို သုံးသပ်ပြီး တောင်သူ အကျိုးအမြတ်များစေမည့် သီးနှံပုံစံ ရွေးချယ် ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

     ရေဆင်းဆည်ရေသောက် အတွင်း စိုက်ပျိုးမြေဧက (၉၀၀၀)ခန့် ရှိပြီး စပါး၊ ပဲ ၊ ပြောင်း နှင့် သီးနှံစုံ နှစ်သီး စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဒေသရေမြေနှင့်ကိုက်ညီသည့် သီးနှံမျိုးများ ပြောင်းလဲ၍ တစ်နှစ် သုံးသီး စိုက်ပျိုးထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန က တောင်သူများ နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသကဲ့သို့ မြေဆီလွှာဖွံ့ဖြိုးရေး သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာ ကို အကျိုးရှိ ထိရောက်စွာ အသုံးပြုရေး နည်းပညာများကိုလည်း တောင်သူ့လက်ဝယ်အရောက် ဖြန့်ဝေ ပေးလျက် ရှိကြောင်း သိရသည်။

crd ... www.agri.com.mm