အဓိကအကြောင်းအရာသို့ သွားမည်
x

ညောင်ဦးဒေသ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်နိုင်ရေး အားပေး‌

နှစ်စဉ်စိုက်ပျိုးသီးနှံများ လျာထားချက်ပြည့်မီရေး ရေအလေအလွင့် အနည်းပါးဆုံးနှင့် အထိရောက်ဆုံးအကျိုးရှိစွာ အသုံးချနိုင်ရေး စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် မကျီးတိုင်ကျေးရွာ အနီးရှိ ကြက်မောက်တောင် ရေလှောင်တမံသို့ ရောက်ရှိစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ပြင်ဆင်ဆောင်ရွက် ကြစေလိုကြောင်း မှာကြားပြီး ရေလှောင်တမံ ကြံ့ခိုင်မှု၊ စိုက်ပျိုးရေပေးဝေနေမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

     ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝ နည်းပညာဌာနခွဲ၊ ဆည်ပေါက် ဥယျာဉ်ခြံ နှင့် ပုပ္ပားဥယျာဉ်ခြံသို့ ရောက်ရှိပြီး သရက်ကိုင်းဆက်ခြင်း၊ သရက်ပျိုးခင်းများ ပျိုးထောင်ဖြန့်ဖြူးမှု၊ စပျစ် ၁ ဒသမ ၅၀ ဧက စိုက်ခင်းနှင့် ၄ ဒသမ ၀၀ ဧက စိုက်ခင်းများကိုလည်းကောင်း၊ စပျစ် ၁၂ ပေ တန်းကြားအတွင်း သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထားရှိမှု အခြေအနေများကိုလည်းကောင်း၊ လှောင်ဂန်စိုက်ခင်း၊ ကြက်မောက်စိုက်ခင်းနှင့် နဂါးမောက် စိုက်ခင်းတို့ကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းရင်းကြက်မွေးမြူရေး သုတေသနနှင့် မျိုးထိန်းမျိုးပွားခြံ (ညောင်ဦး) သို့ရောက်ရှိပြီး ဒုတိယဝန်ကြီးက ကျေးလက်ဒေသနေ မွေးမြူရေးတောင်သူများကို နည်းပညာ ဖြန့်ဝေပေးရန်နှင့် မျိုးကောင်းမျိုးသန့် ကြက်များဖြန့်ဖြူးပေးရန်လိုကြောင်း၊ ကြက်မွေးမြူရေးဆိုင်ရာ အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုးမြင့်ကြက်များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်လိုကြောင်း မှာကြားပြီး ဒေသကြက်မျိုးများဖြစ်သည့် စစ်တကောင်း၊ လည်ပြောင်၊ အင်ပင်ဝ၊ မြန်မာကြက်နက်နှင့် ပုပ္ပားကြက်ခြံများ မွေးမြူထားမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ညောင်ဦးမြို့ စိုက်ပျိုးရေး သုတေသနဌာန၌ ဒုတိယဝန်ကြီးက သီးနှံမျိုးသစ်များနှင့် ကိုက်ညီသည့် စိုက်ပျိုးနည်းစနစ်များ စမ်းသပ် ဖော်ထုတ်ရန်လိုကြောင်း၊ သီးနှံမျိုးကောင်းမျိုးသန့်များနှင့် စိုက်ပျိုးနည်းစနစ်များကို တောင်သူ့လက်ဝယ်အရောက် ဖြန့်ဖြူးပေးရန်လိုကြောင်း၊ နယ်မြေဒေသရှိ စိုက်ပျိုးရေးဆိုင်ရာ ပြဿနာများ ရှာဖွေဖော်ထုတ်ရန်၊ ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေရှိသည့် သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားခဲ့သည်။

 

 

crd ... www.agri.com.mm