အဓိကအကြောင်းအရာသို့ သွားမည်
x

နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လယ်ယာကဏ္ဍမှ တာဝန်ယူဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်ကောင်စီနယ်မြေကို စိမ်းလန်း သာယာ တင့်တယ်သော ဒေသ Green City ၊ Clean City ၊ Smart City အဖြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန က ဆက်စပ်ဌာနများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အပါအဝင် လယ်ယာ ကုန်ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်စေသဖြင့် ဒေသနေပြည်သူများ ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများအလိုက် တာဝန်ယူ ဆောင်ရွက်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကို မေလ (၂၄) ရက်နေ့ နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ ပါမောက္ခချုပ် များ၊ နေပြည်တော် ကောင်စီနယ်မြေ ရှိ တိုင်းဒေသကြီး ခရိုင် အဆင့် လယ်ယာကဏ္ဍ ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ အသားတင် စိုက်ပျိုးမြေဧရိယာ ဧက ၃၂၀,၀၀၀ ကျော်၊ ဆည်ကန်ရေလှောင်တမံ ပေါင်း ၃၀ ကျော်ရှိသည့် နေပြည်တော်ကောင်စီနယ်မြေ သည် လမ်းပန်း ဆက်သွယ်ရေး လွယ်ကူချောမွေ့မှုရှိပြီး စိုက်ပျိုးရေး သုတေသန၊ မွေးမြူရေးသုတေသန နှင့် ပညာပေးရေး ဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များကို ချိတ်ဆက် ပေးနိုင်သော နယ်မြေလည်းဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါသည့် ပြည်သူများ အလုပ်ကိုင်ရရှိရေး နှင့် ဝင်ငွေတိုးတက်ရေးကို ဦးစားပေး ထည့်သွင်း ဆောင်ရွက်ရန် လိုကြောင်း၊ သီးနှံများအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး၊ သွင်းအားစုနှင့် အရင်းအနှီး စရိတ် ချေးငွေ ရရှိရေး စီမံဆောင်ရွက်မှုနှင့်အတူ  မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နေသော ကုမ္ပဏီများကို အားပေး၍ မျိုးစေ့ထုတ် ဇုန်များ တည်ထောင်ခြင်း၊ မွေးမြူရေးလုပ်ငန်းများတွင် စနစ်တကျ လှောင်မွေးစနစ်ဖြင့် မွေးမြူ လုပ်ကိုင်နိုင်ရေး နှင့် မွေးမြူရေးဇုန်များတွင် မွေးမြူရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုမြှင့်တင် ၍ နို့နှင့် နို့ထွက် ပစ္စည်းများ၊ အသား နှင့် ဥများ တိုးတက်ထုတ်လုပ်ရေး အားပေး ကူညီခြင်း၊ ရေရရှိရေးအတွက် ဆည်တမံရေ သောက်စနစ်များ၊ မြစ်ရေတင်စီမံကိန်းများကို အဆင့်မြှင့်၍ သီးထပ်သီးညှပ် သီးနှံများ စိုက်ပျိုးနိုင်ရေး စနစ်တကျ ဆောင်ရွက်ခြင်းများကို သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် စနစ်တကျ စီမံဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

အုပ်ချုပ်ရေးမြို့တော် ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေသည် အရှေ့ရိုးမ နှင့် အလယ်ရိုးမ ကြားတွင်ရှိနေပြီး ပေါင်းလောင်း၊ ငလိုက်၊ ဆင်သေ စသည့် သဘာဝချောင်းမြောင်းများ နှင့် ကောင်းမွန်သောမြေဆီဩဇာကြွယ်ဝမှု အခြေခံကောင်းများကို အသုံးချပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက် လုပ်ကိုင် နိုင်ရေး၊ တောင်သူနှင့် လုပ်ငန်း ရှင်များ ပူးပေါင်းဆောင်ရွက်သော အကျိုးတူကန်ထရိုက် လယ်ယာစနစ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး ၊ ပုဂ္ဂလိကပိုင်း၏ ရင်းနှီးမြုပ်နှံမှုတိုးတက်လာသဖြင့် အားကောင်း သည့် လယ်ယာစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးလာရေး ၊ တန်ဖိုးမြှင့် ကုန်ချောထုတ် လုပ်ငန်းများနှင့်အတူ စိုက်ပျိုး မွေးမြူရေး ထွက်ကုန်အခြေခံသည့် စက်မှုလုပ်ငန်းများ စနစ်တကျ ပေါ်ထွက်လာရေးတို့ကို စီမံဆောင်ရွက်ကာ အခြားသော တိုင်း​ဒေသကြီး ပြည်နယ်များ၏ စံပြနယ်မြေ တစ်ခုအဖြစ် စိမ်းလန်း သာယာ တင့်တယ်၍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အတွက် ယနေ့အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနတာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

crd ... www.agri.com.mm