အဓိကအကြောင်းအရာသို့ သွားမည်
x

အလယ်အလတ်အဆင့် မွေးမြူရေးပညာရှင်များ မွေးထုတ်ပေးရန် နှင့် တန်ဖိုးမြင့် မွေးမြူရေးထွက်ကုန်ပစ္စည်းများ ထုတ်လုပ်မှုဖွံ့ဖြိုးရေး ဆောင်ရွက်

ပျဉ်းမနား၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၏ မွေးမြူရေးဆိုင်ရာ လက်တွေ့သင်ကြားရေး ဌာနများအား ကွင်းဆင်းစစ်ဆေးစဉ်

နေပြည်တော်၊ မတ် (၂၁)

စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များ ဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး ဟူသော စီးပွားရေး ဦးတည်ချက်အား လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကအားထုတ်ကြိုးပမ်းလျက်ရှိရာ အာဟာရပြည့်ဝသော တန်ဖိုးမြင့် မွေးမြူရေးထွက်ကုန်ပစ္စည်းများ ထုတ်လုပ်မှု ဖွံ့ဖြိုးရေး ၊ ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်း ဖန်တီးဖော်ဆောင်ပေးနိုင်ရေး နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအခြေခံ ကုန်ချောထုတ်စက်မှုလုပ်ငန်းများ ထွန်းကားလာရေးတို့အတွက် အစိုးရဌာနဆိုင်ရာများ ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ၊ ဘဏ်များ နှင့် ငွေကြေးအဖွဲ့အစည်းများ၊ တောင်သူများ အကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ဒေသတွင်း မွေးမြူရေးလုပ်ငန်းများ တိုးတက်မြင့်မားရေးအတွက် ကျွမ်းကျင်သော အလယ်အလတ်အဆင့် မွေးမြူရေးပညာရှင်များ မွေးထုတ်ပေးရန် စိုက်ပျိုးရေးသိပ္ပံကျောင်းများ၌ မွေးမြူရေးဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တစ်ပိုင်တစ်နိုင်မွေးမြူသူများနှင့် ပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းရှင်များ ၏ မွေးမြူထုတ်လုပ်မှုများအတွက်လိုအပ်လျက်ရှိသော မွေးမြူရေး ပညာရှင်များ ဖြည့်ဆည်းပေးရန်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုရန်မွေးမြူရေးဒီပလိုမာသင်တန်းများ ကို ပျဉ်းမနား၊ သထုံ၊ ပုသိမ်ကြီးစိုက်ပျိုးရေးသိပ္ပံကျောင်းများတွင် စတင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော အကြိုလုပ်ငန်းများ ညှိနှိုင်း ဆွေးနွေးခြင်းကို မတ်လ(၂၀)ရက်နေ့ နံနက်ပိုင်းကပျဉ်းမနား၊ စိုက်ပျိုးရေးသိပ္ပံကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနား၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၏ စာသင်ခန်းများ နှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လက်တွေ့သင်ကြားရေး ဌာနများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူများ တက်ရောက် နိုင်မည့် အဆိုပါမွေးမြူရေးဒီပလိုမာသင်တန်း အောင်မြင်ပြီးမြောက်ပါကမွေးမြူရေးဒီပလိုမာ (Diploma in Animal Husbandry , Dip.AH) ဘွဲ့ အပ်နှင်းပေးသွားမည်ဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းအတွက်ကိုလည်း ကြိုတင် ညှိနှိုင်း ဆောင်ရွက်ထားရှိပေးမည် ဖြစ်ကြောင်း၊ သတ်မှတ်ရည်အချင်းပြည့်မီပါက မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ် သို့ ပေါင်းကူး တက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းမှ အလယ်အလတ်အဆင့် မွေးမြူရေးပညာရှင်များ လေ့ကျင့် သင်ကြားမွေးထုတ် ပေးနိုင်ခြင်းဖြင့် မွေးမြူရေးကဏ္ဍအတွက် လိုအပ်လျက်ရှိနေသည့် လူသားအရင်းအမြစ်များ ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းရှိ မွေးမြူရေးခြံများ ၊ မွေးမြူရေးဆိုင်ရာ ကုန်ချောထုတ်စက်ရုံများ ၊ နို့နှင့် နို့ထွက် ပစ္စည်းထုတ်လုပ်ရေး စက်ရုံများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တန်ဖိုးမြင့် မွေးမြူရေး ထွက်ကုန်ပစ္စည်းများထုတ်လုပ်မှုဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်များ ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိသည်။