အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ထယ်ရေးမလိုသော မျိုးစေ့ချကိရိယာ အသုံးပြုစိုက်ပျိုးခြင်း သရုပ်ပြပွဲ သို့ တက်ရောက်အားပေး

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့် ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချနိုင်ရေးကို ကဏ္ဍပေါင်းစုံမှ ကြိုးပမ်းလျက် ရှိသကဲ့သို့  စပါးစိုက်ခင်းများ မွေးမြူရေး လုပ်ငန်းများမှ ထုတ်လွှတ်နေမှုလျှော့ချနိုင်ရေးအတွက်ကိုလည်း နည်းပညာများအသုံးပြု ဆောင်ရွက်လျက် ရှိကြောင်း၊ လယ်ယာလုပ်ငန်းခွင်များတွင် ရိုးပြတ်များကို မီးရှို့ခြင်းနှင့်  မြေယာထွန်ယက်ပြုပြင်ခြင်းကြောင့် မြေကြီးအတွင်း အောင်းဝင်လျက်ရှိသည့် ဖန်လုံအိမ် အာနိသင်ကိုဖြစ်စေသော ဓါတ်ငွေ့များ လွတ်ထွက်မှုများ ထိန်းချုပ်နိုင်ရန် တတ်နိုင်သမျှ မြေကိုထယ်မထိုးပဲ စိုက်ပျိုးနိုင်သည့် နည်းလမ်းကို အသုံးပြုရန် လိုကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် ထယ်ရေးမလိုသော မျိုးစေ့ချ ကိရိယာ အသုံးပြုစိုက်ပျိုးခြင်း ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရေး အားပေးသွားမည် ဖြစ်ကြောင်း ဩဂုတ်လ(၃)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိ မြို့နယ် မဲဒီကျေးရွာတွင် ကျင်းပပြုလုပ်သည့် ထယ်ရေးမလိုသော မျိုးစေ့ချ ကိရိယာ အသုံးပြု စိုက်ပျိုးခြင်း သရုပ်ပြပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

အဆိုပါသရုပ်ပြပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် လယ်ယာကဏ္ဍ ဆိုင်ရာ တာဝန်ရှိ သူများ၊  နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ တောင်သူလယ်သမားများ တက်ရောက်ကြသည်။

ထယ်ရေးမလိုသော မျိုးစေ့ချကိရိယာ အသုံးပြုစိုက်ပျိုးခြင်း သရုပ်ပြပွဲ အခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီး က အမှာစကား ပြောကြားရာ ၌ ထယ်ရေးမလိုသော မျိုးစေ့ချ ကိရိယာ အသုံးပြုစိုက်ပျိုးခြင်းအားဖြင့် စိုက်ပျိုးစရိတ် ကုန်ကျမှု သက်သာခြင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေမှု ရှိစေခြင်းအပြင် ထယ်ထိုးပြီး စိုက်ပျိုးခြင်းနှင့် ကွာခြားချက် ကို သိရှိနိုင်ရန် ယခုစိုက်ကွင်းတွင် တောင်သူများအား လက်တွေ့ ပြသပြီး  ရလဒ်ကောင်းများအား တောင်သူများ ယုံကြည့်စွာ လိုက်ပါကျင့်သုံး လုပ်ကိုင် နိုင်ရေး ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထယ်ရေးမလိုသော မျိုးစေ့ချကိရိယာ ကို လယ်မြေများတွင် မိုးစပါးအပြီး ဆောင်းပဲသီးထပ် စိုက်ပျိုးသော ဒေသတွင် အထူးသင့်တော် ကြောင်း၊ တိုင်းဒေသကြီး ပြည်နယ် အသီးသီး တွင် လည်း ယခုကဲ့သို့သော သရုပ်ပြ လုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း၊ တောင်သူများ ၏ အတွေ့အကြုံနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဆွေးနွေးပြီး ပိုမိုကောင်းမွန် အောင် ကြိုးစား ကြရန်လိုကြောင်း၊

ရာသီ အချိန်မီ စိုက်ပျိုးထုတ်လုပ်ရန် နှင့် လယ်ယာလုပ်သားရှားပါးမှုကျော်လွှားရန်၊  အရည် အသွေးကောင်း သီးနှံများ အရေအတွက် များများ ထုတ်လုပ်ရန် တို့အတွက် စက်မှုလယ်ယာ သို့ ကူးပြောင်းရေးသည် မလွှဲမသွေလုပ်ဆောင်ရမည့် ကာလလည်း ဖြစ်ပါကြောင်း၊

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် မြေပြင် မျိုးစေ့ချသည်မှ ရိတ်သိမ်း သိုလှောင် ပြုပြင် ထုပ်ပိုးသည်အထိ လူအင်အား အနည်းဆုံး သုံးပြီး ဆောင်ရွက် နိုင်မည့် စက်မှုလယ်ယာစနစ် သို့ လယ်ယာကဏ္ဍ တစ်ခုလုံး လျင်မြန်စွာကူးပြောင်းရေး ကြိုးပမ်းလျက် ရှိကြောင်း၊ လယ်ယာဝန်ဆောင်မှု စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာပြီး လယ်ယာသုံး စက်ကိရိယာ လုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံမှု တိုးမြှင့်လုပ်ကိုင်နိုင်ကြစေရန် နိုင်ငံတော်အပိုင်းက ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊

ကျေးလက်နေလူငယ်များအနေဖြင့် မိဘလက်ငုတ်လက်ရင်း လယ်ယာလုပ်ငန်းတွင် ပြန်လည်လုပ်ကိုင်နိုင်ရေး အတွက် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများ ပြန်လည် ဖွင့်လှစ်ပေးနိုင်ရေး နှင့် လယ်ယာသုံးစက်ကိရိယာနှင့်ပတ်သက်သော စက်မှုလုပ်ငန်း အောင်လက်မှတ်ရ သင်တန်းများ ကို လာမည့် ပညာသင်နှစ်တွင် ဖွင့်လှစ်ပေးနိုင်ရန် စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကျောင်းများမှ ထူးချွန်သူများ အနေဖြင့် အဆင့်မြင့် ပညာများ ကို ပေါင်းကူး တက်ရောက်နိုင်ကြမှာ ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေး က သရုပ်ပြပွဲ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက် နှင့် ထယ်ရေးမလိုသော မျိုးစေ့ချ ကိရိယာ အသုံးပြုစိုက်ပျိုးခြင်းလုပ်ငန်းနှင့်ပါတ်သက်၍ ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် အခမ်းအနားတက်ရောက်လာကြသော တောင်သူများ က သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ စက်မှုလယ်ယာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က ရှင်းလင်းဖြေကြားသည်။

ထို့နောက် ရိုးပြတ်ရိတ်စက်အသုံးပြုပြီး ထယ်ရေးမလိုသော မျိုးစေ့ချ ကိရိယာ အသုံးပြု စိုက်ပျိုးခြင်း ၊ ရိုးပြတ်ကို မရိတ်ပဲ ထယ်ရေး မလိုသော မျိုးစေ့ချ ကိရိယာ အသုံးပြု စိုက်ပျိုးခြင်း စသည့် စိုက်ပျိုးနည်းများဖြင့် လက်တွေ့ စိုက်ပျိုးနေမှုကို ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီး နှင့် အခမ်းအနားတက်ရောက်လာသူများက မြေပြင် အခြေအနေ ၊ မျိုးစေ့ မြေဝင်အခြေအနေများကို ကြည့်ရှု လေ့လာ ခဲ့ကြကြောင်း သတင်းရရှိသည်။