အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေးသုတေသနဦးစီးဌာန နှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တို့ ပူးပေါင်း၍ ပြည်ပစျေးကွက် ရှိသော စပါး မျိုးကောင်း မျိုးသန့်များ မျိုးပွား ထုတ်လုပ်

ပြည်ပစျေးကွက်ရှိသော စပါးမျိုးများကို နည်းပညာများအသုံးပြု၍ မျိုးမြှင့်တင် သွေးသစ်လောင်းခြင်းမှ ထွက်ရှိလာသော စပါးမျိုးများအား မျိုးပွား မျိုးဖြန့်ခြင်းကို မျိုးစေ့ထုတ်တောင်သူများ၊ ပုဂ္ဂလိကမျိုးစေ့ထုတ် လုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါမျိုးများကို အသုံးပြု၍ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်ရာတွင်လည်း စပါးစိုက်ပျိုးသူ တောင်သူ၊ ဆန်ကြိတ်ခွဲသူ၊ ဆန်တင်ပို့သူ၊ သွင်းအားစု ဖြန့်ဖြူးသူများပါဝင်သော အကျိုးတူ ကန်ထရိုက်လယ်ယာ စနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးပြီး ထိထိရောက်ရောက် စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် နိုင်ငံတော်ကစီမံဆောင်ရွက်ပေးလျက်ရှိရာ လာမည့်နွေစပါးရာသီတွင် ဧက(၈.၅)သိန်း စိုက်ပျိုးထုတ်လုပ်မှု အတွက် ချေးငွေ ကျပ်ဘီလီယံ (၁၇၀) ကို ထောက်ပံ့ပေးသွားမည် ဖြစ်၍ ကဏ္ဍအသီးသီးမှ သက်ဆိုင်သူအားလုံးတို့က တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက် ကြရန်လိုကြောင်း သြဂုတ် လ (၁၉)ရက် ညနေ ပိုင်းက နေပြည်တော် ကောင်စီနယ်မြေ၊ ရေဆင်း စိုက်ပျိုးရေး သုတေသန ဦးစီးဌာန စပါးမျိုးသန့်မျိုးပွား စိုက်ကွင်းများအား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ၊  ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

စပါးမျိုးကောင်းမျိုးသန့်

ပြည်ပဈေးကွက်တွင် ဝယ်လိုအားများနေသော ဆင်းသုခ၊ ကရင်မ၊ ထွန်းပု၊ ငစိန် စပါးမျိုးများ၏ မျိုးသန့်ပွားများရေးအတွက် အခြေခံ မျိုးထုတ်ပေးခြင်း၊ ဆန်ရည် ဆန်သား အရည်အသွေးကောင်း မျိုးများ မျိုးပွားခြင်း နှင့် မျိုးစေ့ဘဏ် မျိုးစေ့ ထိန်းသိမ်းခြင်းလုပ်ငန်းများကို  စိုက်ပျိုးရေးသုတေသနဦးစီးဌာန နှင့် မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

စပါးမျိုးကောင်းမျိုးသန့်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန အနေဖြင့် အထွက်နှုန်း၊ အရည်အသွေးနှင့် အာဟာရ ဆိုင်ရာ စပါးသီးနှံသုတေသနလုပ်ငန်းများ ၊ အလားအလာ ကောင်းသော စပါးမျိုးလိုင်းများ အား ဗီဇသန္ဓေသန့် အမြုတေအဆင့်မျိုးသန့်ထိန်းသိမ်းခြင်း ၊ အကျယ်အပြန့် စိုက်ပျိုး လျက်ရှိသော မျိုးစပါးများ မိဘအဆင့် မျိုးသန့်ပွားများခြင်း စသည့် ဆန်စပါး ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အရေးပါသော မျိုးစေ့ ထုတ်လုပ် ပွားများ ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ စပါးမျိုး (၁၂၈)မျိုး ကို ထုတ်ဝေပေးပြီး ဖြစ်ကြောင်း သတင်းရရှိသည်။