အဓိကအကြောင်းအရာသို့ သွားမည်
x

“ငါးလုပ်ငန်းဆိုင်ရာ သုတေသန ရန်ပုံငွေထူထောင်မှု သဘောတူစာချုပ်” အရ ဆောင်ရွက်မည့် သုတေသနဆိုင်ရာလုပ်ငန်းများ ညှိနိုင်းအစည်းအဝေးကျင်းပ

ငါးလုပ်ငန်းဦးစီးဌာန နှင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်တို့အကြား “ငါးလုပ်ငန်းဆိုင်ရာ သုတေသန ရန်ပုံငွေ ထူထောင်မှု သဘောတူစာချုပ်” အရ ဆောင်ရွက်မည့် သုတေသနဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို  ‌အောက်တိုဘာလ (၂၂) ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ Grand Jade Hotel  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးလှသန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပုဂ္ဂလိက ငါးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားရာ၌ အာဟာရပြည့်ဝသည့် ငါး ပုစွန် နှင့် ရေထွက်ကုန်များကို ပြည်တွင်း စားသုံးမှု ဖူလုံ ပိုလျှံရေး နှင့် ပြည်ပပို့ကုန် အဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ငါးလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ ထိရောက်သော ငါးလုပ်ငန်းများ စီမံခန့်ခွဲမှုဖြင့် ငါးသယံဇာတ အရင်းအမြစ်များ၏ ကျက်စားရာနေရာများအား ထိန်းသိမ်းခြင်း၊ သုတေသနလုပ်ငန်းများကို  အစိုးရ နှင့် ပုဂ္ဂလိက ငါးလုပ်ငန်းရှင်းများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငါးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး က ရေလုပ်ငန်းကဏ္ဍသည် လူတန်းစား အလွှာ အသီးသီး၏ စားနပ်ရိက္ခာနှင့် အာဟာရပြည့်ဝရေး၊ အလုပ်အကိုင် နှင့် ဝင်ငွေရရှိရေးကို များစွာ အထောက်အကူ ပြုလျက်ရှိ ကြောင်း၊ ရေသယံဇာတများ ပြုန်းတီးမှုမဖြစ်ပေါ်စေရေးနှင့် ရေရှည်အကျိုးရှိစွာ သုံးစွဲနိုင်ရေး အတွက် ပင်လယ်ရေပြင် သယံဇာတများ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး Blue Ocean Economy စံနှုန်းများ၊ ရေသယံဇာတများကို ရေရှည်တည်တံ့စေရန် သုတေသန လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရန်လိုကြောင်းဆွေးနွေးပြောကြားသည်။

မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်ထွန်း၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး နှင့် ညွန်ကြားရေးမှူးများ၊ မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာန ပါမောက္ခဌာနမှူး ဒေါက်တာချယ်ရီအောင်နှင့်  တာဝန်ရှိ သူများ က ငါးလုပ်ငန်းဆိုင်ရာ သုတေသန ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးလှသန်းနှင့်  လုပ်ငန်းရှင်များက ငါးလုပ်ငန်းဆိုင်ရာ သုတေသနနှင့် ရန်ပုံငွေထူထောင်မှု လုပ်ငန်းဆိုင်ရာများကို လည်းကောင်း ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။