အဓိကအကြောင်းအရာသို့ သွားမည်
x

သတင်းအမှန်ပြန်ကြားခြင်း

၁။       The Standard Time Daily သတင်းဌာနမှ (၁၀-၈-၂၀၂၃)ရက်နေ့တွင် ရခိုင်ပြည်နယ်၌ ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ဧက ငါးသိန်းကျော် ရေနစ်မြုပ်လျက် ရှိသည်ကို ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂထံမှ သိရှိရကြောင်း၊ ရေနစ်မြုပ် မှုကြောင့် စပါးစိုက်ခင်းတစ်ချို့ ပျက်စီးမှုများရှိနေပြီး နောက်ထပ် သုံးရက်ခန့်အထိ ရေနစ်မြုပ် နေပါက ပျိုးကြဲထားသော စပါးခင်းများနှင့် စိုက်ပျိုးထားဆဲ စပါးပင်များ ပျက်စီးသွားနိုင်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်တို့တွင် ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ခင်း ဧကပေါင်း ငါးသိန်းကျော် ရေနစ်မြုပ်နေကြောင်း သတင်းတွင် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

၂။       အဆိုပါ သတင်းဖော်ပြမှုနှင့်ပတ်သက်၍ ဝန်ကြီးဌာန၏ ကွင်းဆင်းစစ်ဆေးချက်အရ ရခိုင်ပြည်နယ်အတွင်း (၁-၈-၂၀၂၃)ရက်နေ့မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေ၊ ချောင်းရေများ ရေတက်ခဲ့သဖြင့် ပြည်နယ်အတွင်းရှိ စပါးခင်းများ ရေနစ်မြုပ်ခဲ့မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

         (က)    သံတွဲမြို့နယ်၌ (၁-၈-၂၀၂၃)ရက်နေ့တွင် (၂,၉၄၇)ဧက နစ်မြုပ်ခဲ့ပြီး၊ (၄-၈-၂၀၂၃) နေ့တွင် (၂,၉၄၇)ဧက ပြန်ပေါ်ခဲ့ပါကြောင်း၊

         ( ခ)    တောင်ကုတ်မြို့နယ်၌ (၃-၈-၂၀၂၃)ရက်နေ့တွင် မညှင်းတောင်ဆည် ကျိုး၍ (၁၀၀)ဧက နစ်မြုပ်ခဲ့ပြီး၊ (၉-၈-၂၀၂၃)နေ့တွင် (၁၀၀)ဧက ပြန်ပေါ်ခဲ့ပါကြောင်း၊

       ဂ)    (၉-၈-၂၀၂၃)ရက်နေ့ထိ မြောက်ဦးမြိုနယ်၌ (၃၄,၇၄၁)ဧက၊ ကျောက်တော်မြို့နယ်၌ (၇,၃၈၃)ဧက၊ မင်းပြားမြို့နယ်၌ (၂၄,၇၅၅)ဧကနှင့် အမ်းမြို့နယ်၌ (၄၄၇)ဧက နစ်မြုပ်ခဲ့ပါကြောင်း၊

       (ဃ)    မြေပုံမြို့နယ်၌ (၈-၈-၂၀၂၃)နေ့ထိ (၅,၀၀၀)ဧက နစ်မြုပ်ခဲ့ပြီး၊ (၉-၈-၂၀၂၃) နေ့တွင် (၁,၉၈၅)ဧကပြန်ပေါ်ခဲ့ပါကြောင်း၊ (၉-၈-၂၀၂၃)ရက်နေ့တွင် တောင်ကုတ်မြို့ နယ်၌ ဒေါင့်ကြီးဆည်ကျိုးသဖြင့် မိုးစပါး (၃၇)ဧက နစ်မြုပ်ခဲ့သဖြင့် ရခိုင်ပြည်နယ်အတွင်း စုစုပေါင်း (၇၅,၄၁၀)ဧက နစ်မြုပ်ခဲ့ပြီး၊ ပြန်ပေါ် (၅,၀၃၂)ဧက ဖြစ်ပါကြောင်း၊

         ( င)    ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များ၌ မိုးရွာ သွန်းမှုရှိခဲ့သော်လည်း ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ခြင်း မရှိပါကြောင်း။

၃။       သို့ဖြစ်ပါ၍ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လဆန်းပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးစပါး (၇၅,၄၁၀)ဧကသာ ရေနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ပြီး၊ (၉-၈-၂၀၂၃)ရက်နေ့အထိ (၅,၀၃၂)ဧက ရေပြန်ပေါ် ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါသဖြင့် The Standard Time Daily သတင်းဌာနမှ (၁၀-၈-၂၀၂၃) ရက်နေ့တွင် ဖော်ပြထားသည့် “ရခိုင်ပြည်နယ်အတွင်း စပါးစိုက်ခင်းဧကပေါင်း ငါးသိန်းကျော် ရေကြီးနစ်မြုပ်လျက်ရှိကြောင်း” သတင်းမှာ သတင်းအမှားသာဖြစ်ပါကြောင်း သတင်းအမှန် ပြန်ကြားအပ်ပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း‌ဝန်ကြီးဌာန