အဓိကအကြောင်းအရာသို့ သွားမည်
x

ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများကဏ္ဍဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် အသင်းအဖွဲ့များ ပူးပေါင်းကြိုးပမ်း

     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းတို့မှဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်များ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

   တွေ့ဆုံစဉ် ရေလုပ်ငန်းရှင်များအသင်းမှ ပြည်ပသို့တင်ပို့သည့် ရေထွက်ပစ္စည်းများ၏ ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်စေရေး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရေထွက် ပစ္စည်းများတင်ပို့ရာတွင် Border Trade အား တရုတ်ယွမ်ငွေဖြင့် ခွင့်ပြုထားခြင်းနည်းတူ Normal Trade နှင့် လေကြောင်းတင်ပို့ခြင်းတို့တွင် ငွေပေးချေခွင့်ရရှိရေး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ မွေးမြူရေးရေထွက်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် GACC နှင့် ညှိနှိုင်းပေးစေလိုသည့်အချက်များ၊ အရှေ့အလယ်ပိုင်းဒေသသို့ မွေးမြူရေး ရေချိုငါး၊ ပုစွန်များ တင်ပို့နိုင်ရေးအတွက် နှစ်ဖက်သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးနှင့် လုပ်ထုံးလုပ်နည်း ဥပဒေစည်းမျဉ်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

     မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

      အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ တိရစ္ဆာန်ဆေးပညာရပ် နှင့် မွေးမြူရေးပညာရပ်ဆိုင်ရာကျွမ်းကျင်သူများ တက်ရောက်ကြသည်။

     အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက စားရေရိက္ခာဖူလုံစေရေးနှင့် အာဟာရပြည့်ဝရေးအတွက် အရေးပါသော မွေးမြူရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်က ဘက်စုံထောင့်စုံမှ အားပေးဆောင် ရွက်လျက်ရှိရာ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်ရာ၌ တိကျမှန်ကန်သော တိရစ္ဆာန်ကောင်ရေစာရင်းဇယားများ အသုံးပြုရန်လိုအပ်ကြောင်း၊ ယခုအခါ ၂၀၂၃ ခုနှစ် ဒုတိယအကြိမ် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် စီမံချက်ရေးဆွဲထားရှိပြီး ဗဟိုကော်မတီကိုလည်းဖွဲ့စည်းပြီးဖြစ်ရာ ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ကောက်ယူနိုင်ရန် ကော်မတီဝင်များအနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် လိုအပ်သောအကြံပြုချက်များ ဆွေးနွေးညှိနှိုင်းသွားရန် ပြောကြားသည်။

     ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက ပထမအကြိမ် တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ပြီးစီးမှု၊ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းစီမံချက်ကို ရှင်းလင်းတင်ပြပြီး ဦးစားပေးလုပ်ငန်းရပ်များကို အဆိုပြုတင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ကြကြောင်း သိရသည်။