အဓိကအကြောင်းအရာသို့ သွားမည်
x

အတွေ့အကြုံများမျှဝေဖလှယ်ခြင်းနှင့် စဉ်ဆက်မပြတ်လေ့လာခြင်းအလေ့အထများ ထွန်းကားစေရန် ပြည်တွင်းပြည်ပ ဆွေးနွေးပွဲနှင့် သင်တန်းအတွေ့အကြုံရှင်းလင်းခြင်း အခမ်းအနားကျင်းပ

     နိုင်ငံ့ဝန်ထမ်းများအကြား အတွေ့အကြုံများ မျှဝေဖလှယ်ခြင်းနှင့် စဉ်ဆက်မပြတ်လေ့လာခြင်းအလေ့အထများ ထွန်းကားစေခြင်းဖြင့် ဝန်ထမ်းတိုင်း စွမ်းဆောင်ရည် ပိုမိုမြင့်မားတိုးတက်လာစေရန် ပြည်တွင်း ပြည်ပဆွေးနွေးပွဲ၊ သင်တန်းအတွေ့အကြုံ ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

    ရှင်းလင်းပွဲအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က အမှာစကားပြောကြားပြီး ဆွေးနွေးပွဲနှင့် သင်တန်းတက်ရောက်ခဲ့သူများက ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့်ဗီယက်နမ်(CLMV) နိုင်ငံများရှိ ရေအသုံးပြုသူအုပ်စုများအကြား စိုက်ပျိုးထုတ်လုပ်ရာတွင် သွင်းရေစီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်စေမည့် အကောင်းဆုံးအလေ့အကျင့်များ ဖလှယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ထိုင်းနိုင်ငံဗန်ကောက်မြို့၌ ကျင်းပခဲ့သည့် ရေစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် စျေးကွက်ဆိုင်ရာ သုတေသနဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲအတွေ့အကြုံများကိုလည်းကောင်း၊ ဂျပန်နိုင်ငံ University of Tsukuba တွင် စိုက်ပျိုးရေး ဇီဝအရင်းအမြစ် သိပ္ပံနှင့်နည်းပညာ ဘာသာရပ်ဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်းအတွေ့အကြုံများကို လည်းကောင်း ရှင်းလင်းပြောကြားရာ အခမ်း အနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။

   CLMV အလုပ်ရုံဆွေးနွေးပွဲတွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့်ဗီယက်နမ်(CLMV)နိုင်ငံများနှင့် ကျန်ရှိသည့် ASEAN ခြောက်နိုင်ငံတို့အကြား အတွေ့အကြုံများ မျှဝေခြင်းအတွက် လမ်းစဉ်တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရေးနှင့် အကောင်းဆုံးအလေ့အကျင့်များ ဖြန့်ဝေရေးဆိုင်ရာများကို ဆွေးနွေးနိုင်ခဲ့ကြောင်း၊ အလားတူရေစီမံခန့်ခွဲမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့်စျေးကွက်ဆိုင်ရာ သုတေသနဆောင်ရွက်နိုင်ရေးဆွေးနွေးပွဲတွင် မဲခေါင်မြစ်ဝှမ်း ဒေသအတွင်း စဉ်ဆက်မပြတ်ရေအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်များဖလှယ်နိုင်ရေး၊ ကိုရီးယားသမ္မတနိုင်ငံနှင့် အာဆီယံဒေသရှိ မဲခေါင်နိုင်ငံများမှ အစိုးရ-ပုဂ္ဂလိက အဖွဲ့အစည်းများအကြား ချိတ်ဆက်ပေါင်းစပ်မှုများ ပိုမိုအားကောင်းလာစေရေးနှင့် ပိုမိုထိရောက်စေမည့် ရေစီမံခန့်ခွဲမှုစနစ်များ ပေါ်ပေါက်လာစေရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ချမှတ်ရမည့်မူဝါဒများ ချမှတ်နိုင်ရန် ပူးပေါင်းအကြံပြုနိုင်စေရေးဆိုင်ရာများကို ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။