အဓိကအကြောင်းအရာသို့ သွားမည်
x

ငါးသယံဇာတမပြုန်းတီးရေး ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရဧရိယာသတ်မှတ်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

    ၂၀၂၃-၂၀၂၄ ခုနှစ် ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရဧရိယာ သတ်မှတ်ခြင်းနှင့် ပင်လယ်ငါးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၃ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နေပြည်တော် ရုံးအမှတ်(၃၆) အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများ၊ တပ်မတော်(ရေ) နှင့် မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ ငါးလုပ်ငန်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ပညာရှင်များ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ ကမ်းရိုးတန်းဒေသများရှိ တိုင်းဒေသကြီး၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်များ၊ ငါးလုပ်ငန်းအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

   အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ရေ၊ မြေနှင့် သဘာဝအရင်းအမြစ်များကို ဖော်ထုတ်သုံးစွဲရာတွင် အန္တရာယ်ကင်းရှင်းမှုရှိစေပြီး ထိရောက်စွာနှင့် ရေရှည်တည်တံ့စွာ စီမံခန့်ခွဲအသုံးချနိုင်ရန် မိမိတို့ဝန်ကြီးဌာန၏ မူဝါဒတွင် ထည့်သွင်းဆောင်ရွက် လျက်ရှိကြောင်း၊ ငါးသယံဇာတအရင်းအမြစ်များအား ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေးအတွက် စီမံခန့်ခွဲဆောင်ရွက်ရာတွင် ငါးမျိုးစိတ်များ ပြန်လည်တိုးပွားပြီး ငါးဖမ်းလုပ်ငန်းများ ရေရှည်ဖမ်းဆီး ထုတ်လုပ်နိုင်ရန်နှင့် ငါးမဖမ်းရရာသီအတွင်း ငါးမျိုးစိတ်များ ပေါက်ပွားကြီးပြင်းရာ နေရာများ ပြန်လည်ကောင်းမွန်လာစေရန်ရည်ရွယ်၍ ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရဧရိယာ သတ်မှတ်ခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံသာမက အိမ်နီးချင်းနိုင်ငံများ၌လည်း သယံဇာတထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားသည့် ဧရိယာအတွင်း ငါးမျိုးစိတ်များ၏ အမြင့်ဆုံးသားပေါက်ရာသီကို ငါးမဖမ်းရရာသီ သတ်မှတ်ထားကြကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ငါးလုပ်ငန်းများကို တာဝန်သိငါးလုပ်ငန်းများ (Responsible Fisheries)သို့ ပြောင်းလဲနိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် မွေးမြူရေးသုတေသနဦးစီးဌာနကို အသစ်ဖွဲ့စည်းတည်ထောင်ထားရှိပြီး သုတေသနရလဒ်များကိုအခြေခံ၍ သားငါးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာရေးပံ့ပိုးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာ့ပင်လယ်ပြင်နှင့် ရေအောက်သယံဇာတများ ရေရှည်တည်တံ့နိုင်ရေးအတွက် အမိန့်ကြော်ငြာစာအမှတ် (၂၅၀/၂၀၂၃)ဖြင့် ပင်လယ်ကမ်းရိုးတန်း အဏ္ဏဝါသယံဇာတထိန်းသိမ်းရေး၊ သုတေသနနှင့် နည်းပညာဖလှယ်ရေး ပူးပေါင်းအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ နိုင်ငံတော်၏ ထိရောက်သောအားပေးပံ့ပိုးမှု အကောင်းဆုံးကာလဖြစ်၍ သားငါးကဏ္ဍဖွံ့ဖြိုးရေးအတွက် ငါးလုပ်ငန်းအသင်းအဖွဲ့များနှင့် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုပြီး သက်ဆိုင်ရာပညာရှင်များ၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၊ ငါးလုပ်ငန်းအသင်းအဖွဲ့များအားလုံးက ဝိုင်းဝန်းဆွေးနွေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

   ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ခုနှစ် ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရဧရိယာသတ်မှတ်ခြင်းနှင့် ပင်လယ်ငါးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံဇာတ တည်ရှိမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်ကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။ ဆွေးနွေးချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။