အဓိကအကြောင်းအရာသို့ သွားမည်
x

မန္တလေးတိုင်းဒေသကြီး၏ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံများ စိုက်ပျိုးသွားမည်

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းဆောင်ရွက်မည့် ဆီထွက်သီးနှံ နေကြာ၊ နှမ်း၊ မြေပဲလျာထားဧက ပြည့်မီစွာစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဧည့်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အားလုံးနှင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ပြည်တွင်းစားရေရိက္ခာဖူလုံရေးနှင့် ပို့ကုန်တိုးမြှင့်ရေး၊ ပြောင်းလဲသက်ရောက်လျက်ရှိသည့် ရာသီဥတုနှင့် အယ်လ်နီညို ဖြစ်စဉ်များကြောင့် ဆန်စပါးအပါအဝင် သီးနှံစုံ၏ စိုက်ပျိုးထုတ်လုပ်မှု ထိခိုက်မှုမဖြစ်ပေါ် စေရေး၊ တိရစ္ဆာန်သောက်သုံးရေမပြတ်လပ်စေရေး၊ လုပ်ငန်းစာရင်းဇယားများမှန်ကန်ရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဦးစီးဌာနအလိုက် တိုင်းဒေသကြီး ဦးစီးမှူးများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာလိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆည်တော်ကြီးရေသောက်စနစ်၊ မန္တလေးတူးမြောင်းမကြီး ပေတိုင် (၁၇၅၄၀၀) အိုင်ကြီး CDC အနီး မြောင်းပေါင် ကျိုးပေါက်မှု၊ ယာယီပြုပြင် ပြီးစီးမှုအခြေအနေများနှင့် ပြည်ကြီးတံခွန်မြို့နယ် မန္တလေးစက်မှုဇုန် (၁)ရှိ ဓူဝံဆီစက်၏ မြေပဲဆီသန့် အဆင့်ဆင့်ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် တံတားဦးမြို့ရှိ အမှတ်(၂၃) စက်မှုလယ်ယာစခန်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကြည့်ရှုစစ်ဆေးပြီး စက်မှုလယ်ယာဦးစီးဌာန တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လယ်ယာဝန်ဆောင်မှုအသင်းများ ဖွဲ့စည်းနိုင်ရေး၊ ရိတ်သိမ်းခြွေလှေ့စက်များ ရွှေ့ပြောင်းရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများတွင် ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။