အဓိကအကြောင်းအရာသို့ သွားမည်
x

တောင်သူလယ်သမားကိုယ်တိုင် ပူးပေါင်းပါဝင်သော သီးနှံမျိုးများ မျိုးစပ်မွေးမြူခြင်းလုပ်ငန်းများဖွံ့ဖြိုးလာရေး အားပေးမြှင့်တင်သွားမည်

နေပြည်တော် နိုဝင်ဘာ ၁၃

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မျိုးကောင်းမျိုးသန့်လွှမ်းခြုံနိုင်စေရန် ဒေသအသီးသီးရှိ တောင်သူလယ်သမားကိုယ်တိုင် ပူးပေါင်းပါဝင်သော သီးနှံမျိုးများ မျိုးစပ်မွေးမြူ ရွေးချယ်ခြင်းလုပ်ငန်းများဖွံ့ဖြိုးလာရေးကို အားပေးမြှင့်တင်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာတွင် ကျင်းပသော တောင်သူများ ကိုယ်တိုင်ပါဝင်ပူးပေါင်းရွေးချယ်သည့် မျိုးစပါးသားဆက်လိုင်းများ ကွင်းဆင်းရွေးချယ်ခြင်းအခမ်းအနား၌ ပြောကြားသည်။

အဆိုပါ မျိုးစပါးသားဆက်လိုင်းများသည် ၂၀၂၂ ခုနှစ် နွေစပါးရာသီတွင် မျိုးကူးစပ်မွေးမြူခဲ့သည့် အရည်အသွေးကောင်း မိဘမျိုးနှစ်မျိုးမှ လေးမျိုးအထိပါဝင်သည့် ဗီဇ အစုအဖွဲ့များစွာပါဝင်သော သားဆက်လိုင်းစပါးမျိုးကွဲများဖြစ်ကြောင်း၊ မျိုးလိုင်းများကို ပြည်တွင်းပုဂ္ဂလိက မျိုးစေ့ထုတ်ကုမ္ပဏီတစ်ခုက စတင်မျိုးစပ်မွေးမြူပြီး စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းမှုအစီအစဉ်ဖြင့် ကြို့ပင်ကျေးရွာ၊ ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စိုက်ကွင်း များတွင် စိုက်ပျိုးထားရှိကာ တောင်သူများနှင့်အတူ မျိုးရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

သားဆက်လိုင်းများကို သက်တမ်းအုပ်စု သုံးအုပ်စုခွဲခြားရွေးချယ်သွားမည်ဖြစ်ပြီးလာမည့် စိုက်ပျိုးရာသီတွင် အပင်အမြင့်ကိုမူတည်ရွေးချယ်ပြီး နောက်ရာသီများတွင် စားသုံးမှုအရည်အသွေး၊ ရောဂါဒဏ်ခံနိုင်ရည်ရှိမှုနှင့် အပင်ယိုင်လဲမှုတို့အပေါ် အခြေခံရွေးချယ်မည်ဖြစ်ကြောင်းနှင့် ရွေးချယ်ပြီး ဗီဇအစုအဖွဲ့ဦးရေကို မြန်မာနိုင်ငံစပါးစိုက်ပျိုးရာ ဒေသအသီးသီးတွင် စိုက်ပျိုး၍ တောင်သူများကိုယ်တိုင် မိမိတို့ ဒေသနှင့် ကိုက်ညီသောမျိုးကို ရွေးချယ်အသုံးပြုနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုဆောင်ရွက်သည့် နည်းစနစ်ကို အိန္ဒိယ၊ တရုတ်၊ နီပေါနှင့် အာဖရိကနိုင်ငံများတွင် အောင်မြင်စွာ ကျင့်သုံးလျက်ရှိကြောင်း သိရသည်။

ယနေ့ကျင်းပသည့် ကြို့ပင်ကျေးရွာတောင်သူ့စိုက်ကွင်းတွင် စမ်းသပ်စိုက်ပျိုးထားသော သားဆက်(၃)တွဲ၏ ဗီဇကွဲဦးရေမှ သက်တမ်း ၁၁၀ ခန့်ရှိ မျိုးစပါးသားဆက်လိုင်းများ ရွေးချယ်ခြင်းကို ပုဗ္ဗသီရိမြိုနယ်၊ ဇမ္ဗူသီရိမြို့နယ်တို့မှ တောင်သူ ၄၅ ဦး အပါအဝင် ဒေသခံတောင်သူများက မိမိတို့စိတ်ကြိုက်မျိုးကို ရွေးချယ်နိုင်ကြရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုကဲ့သို့စပါးမျိုးများအား တောင်သူကိုယ်တိုင် ပူးပေါင်းပါဝင်သော ကွင်းသရုပ်ပြပွဲများမှတစ်ဆင့် တောင်သူကိုယ်တိုင် မျိုးထုတ်စိုက်ပျိုးနိုင်သည့်အဆင့်အထိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက လိုအပ်ချက်များ အားပေးကူညီလျက်ရှိကြောင်း သိရသည်။