အဓိကအကြောင်းအရာသို့ သွားမည်
x

နေပြည်တော်ကောင်စီနယ်မြေအတွင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် စိုက်ပျိုးဧရိယာများ ရေဖူလုံစွာအသုံးပြုနိုင်ရန် ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၁၈

နေပြည်တော်ကောင်စီနယ်မြေအတွင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် စိုက်ပျိုးဧရိယာများ ရေဖူလုံစွာအသုံးပြုနိုင်ရန်နှင့် လိုအပ်ချက်များ ကူညီဆောင်ရွက် ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ်အတွင်း မြေအောက်ရေဖော်ထုတ်၍ စိုက်ပျိုးရေ ပေးဝေရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် တောင်သူစိုက်ကွင်းများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နွယ်ရစ်ကျေးရွာ ရေစုတွင်းကျယ်မှရေကို ဆိုလာရေတင်စနစ်ဖြင့် ရေတင်၍ စိုက်ပျိုးမြေဧက ၇၀ အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေ ပေးဝေနေမှုကိုလည်းကောင်း၊ စက်ရေတွင်းများဖြင့် မြေအောက်ရေထုတ်ယူသုံးစွဲနေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ တောင်သူမိသားစုများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ ဝင်ငွေနှင့်ဒေသဖွံ့ဖြိုးမှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ မေးမြန်း ဆွေးနွေးပြီး ဝန်ကြီးဌာန၏ စားရေရိက္ခာဖူလုံပိုလျှံရေး ဆောင်ရွက်ချက်များ၊ GAP ထုတ်ကုန်များ၏ အာဟာရတန်ဖိုးကို စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိသုံးစွဲ လာစေရေးဆောင်ရွက်ချက်များ၊ အာဟာရဓာတ်ပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သော စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်နှင့် ရေလုံလောက်စွာ ဆောင်ရွက်ပေးပြီးဖြစ်၍ တစ်နှစ်သုံးသီးမဖြစ်မနေ စိုက်ပျိုးထုတ်လုပ်ရန်ကိစ္စများနှင့် လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှောက်ကုန်းကျေးရွာတွင် မြေအောက်ရေဖော်ထုတ်၍ စိုက်ပျိုးရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့သည် ရေသုံးစွဲသူများအဖွဲ့(WUG)နှင့် နေကြာမျိုးသန့်ထုတ်လုပ်သူ တောင်သူများကို ရေဆင်းနေကြာစပ်မျိုး မျိုးစေ့များ ပေးအပ်ကြပြီး ရေသုံးစွဲမှုနှင့်ထိန်းသိမ်းစရိတ်များအပေါ် ညီညွတ်မျှတသော စီမံမှုဖြစ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်၊ မြေမနားလူမအား တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်ခြင်းကြောင့် မြေဆီလွှာထိခိုက်ပျက်စီးမှုမရှိစေရန် သဘာဝမြေဩဇာ ထည့်သွင်းခြင်းအပါအဝင် လိုအပ်သော မြေဆီလွှာထိန်းသိမ်းခြင်းလုပ်ငန်းများကို စိုက်ပျိုးရေး ဦးစီးဌာန တာဝန်ရှိသူများ၏ အကူအညီကို ရယူဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

တပ်ကုန်းမြို့နယ် ရှောက်ကုန်း၊ ပုဏ္ဏမာ၊ နွယ်ရစ်၊ ကျားသေအိုင်နှင့် ရွေးစုကျေးရွာများတွင် ရေစုတွင်းကျယ်တစ်တွင်းနှင့် ၁၀ လက်မ စိုက်ပျိုးရေတွင်း စုစုပေါင်း ၃၂ တွင်း ဆောင်ရွက်ပြီးစီး၍ စိုက်ပျိုးမြေ ၉၉၅ ဧက စိုက်ပျိုးရေပေးဝေလျက်ရှိပြီး ရေစုတွင်းကျယ်တစ်တွင်းနှင့် အချင်း ၁၀ လက်မ စိုက်ပျိုးရေတွင်းနှစ်တွင်း ဆောင်ရွက်လျက်ရှိကြောင်၊ လျာထားစက်ရေတွင်း ၄၇ တွင်း အားလုံးပြီးစီးပါက စိုက်ပျိုးမြေ ၁၄၈၅ ဧကကို စိုက်ပျိုးရေပေးဝေသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြေအောက်ရေဖော်ထုတ်၍ စိုက်ပျိုးရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကြောင့် ဒေသခံတောင်သူများ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ပြီး ဒေသ၏စိုက်ပျိုးထုတ်လုပ်မှု မြင့်မားလာလျက်ရှိကြောင်း၊ ဒေသခံတောင်သူများ၏ ရင်းနှီးကုန်ကျစရိတ်လျှပ်စစ်ဓာတ်အားခ သက်သာစေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရက ဆိုလာစနစ်ပြောင်းလဲတပ်ဆင် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ တူးဖော်ပြီးစိုက်ပျိုးရေတွင်း တစ်တွင်းချင်းအလိုက် ရေသုံးစွဲသူများအဖွဲ့(WUG)များ စနစ်တကျဖွဲ့စည်းပေးထားပြီး အဆိုပါ WUG အဖွဲ့များထံ စက်ရေတွင်းများကို စနစ်တကျလွှဲပြောင်းပေးအပ်ကာ ရေပေးဝေရေးဆိုင်ရာစီမံခန့်ခွဲမှုကို တောင်သူများကိုင်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်သည့်စနစ်ဖြင့် ဆောင်ရွက်စေလျက် ရှိကြောင်း သိရသည်။