အဓိကအကြောင်းအရာသို့ သွားမည်
x

(၁၈) ကြိမ်မြောက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၇

တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာအခက်အခဲများ ဖြေရှင်းပေးရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် သုတေသီများ၊ ပညာရှင်များ၊ စိုက်ပျိုးပညာပေးတာဝန်ရှိသူများနှင့် တောင်သူများအကြား နီးကပ်စွာဆွေးနွေးအဖြေရှာ ဖော်ထုတ်ပေးနိုင်ရန် အပတ်စဉ်စနေနေ့တိုင်း ကျင်းပသည့် (၁၈) ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲ (Farmers’ Technical Forum)ကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာများကို တောင်သူများကိုယ်တိုင် ပါဝင်ဆွေးနွေးနိုင်စေရန် ယခုဆွေးနွေးပွဲကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများအကြားအလပ်မရှိ အချိတ်အဆက်မိမိဆောင်ရွက်နိုင်‌ရေး ယခုကဲ့သို့ ပညာရှင်များနှင့် လယ်သမားများ စဉ်ဆက်မပြတ်ထိတွေ့ ဆွေးနွေးရန်လိုကြောင်း၊ တောင်သူများအနေဖြင့် သီးနှံများဆွတ်ခူးရိတ်သိမ်းသည်မှ စားသုံးသည်အထိ ဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်လျှောက် လေလွင့်ပျက်စီးဆုံးရှုံးမှုနည်းစေရန်နှင့် အရည်အသွေး၊ အာဟာရဓာတ်ပါဝင်မှု ထိခိုက်ပျက်စီးဆုံးရှုံးခြင်းတို့မှ ကာကွယ်နိုင်ရန် ရိတ်သိမ်းပြီးနောက်ပိုင်းသန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ ထုပ်ပိုးခြင်းနှင့်သိုလှောင်ခြင်း စသည့်ရိတ်သိမ်းချိန်လွန်နည်းပညာဆိုင်ရာ အခြေခံလုပ်ငန်းစဉ်များကို စနစ်တကျ လုပ်ဆောင်ရန် လိုအပ်ချက်များကို ယခုဆွေးနွေးပွဲ တွင် လေ့လာကြရန် ပြောကြားသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ သုတေသီများ၊ ပညာရှင်များနှင့် ပျဉ်းမနားမြို့နယ် နတ်သူရဲကျေးရွာမှ တောင်သူ ၃၀ တို့ တက်ရောက်ဆွေးနွေးကြပြီး စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ရိတ်သိမ်းချိန်လွန် နည်းပညာဌာန (PHRI) ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာလှလှမြင့်က ရိတ်သိမ်းချိန်လွန်နည်းပညာ (ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရိတ်သိမ်းချိန်လွန်နည်းပညာနှင့် အစားအစာသိပ္ပံသုတေသနဌာနခွဲ၊ ရိတ်သိမ်းချိန်လွန်နည်းပညာ သုတေသနဌာနစု ဒေါက်တာခင်မောင်ညွန့်က ဒေသခံတောင်သူများ၏ ရိတ်သိမ်းချိန်လွန်နည်းပညာများအား လေ့လာခြင်းခေါင်းစဉ်ဖြင့်လည်းကောင်းဆွေးနွေးတင်ပြကြရာ တက်ရောက်လာကြသည့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။