အဓိကအကြောင်းအရာသို့ သွားမည်
x

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ကို အရှေ့တောင်အာရှစံနှုန်းများနှင့်အညီဖြစ်စေရေး အားထုတ်ကြိုးပမ်း

နေပြည်တော် ဒီဇင်ဘာ ၃၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်ဇော်က မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ ဥပဒေနှင့် နည်းဥပဒေများ၊ ရည်ရွယ်ချက်များ၊ ကောင်စီဖွဲ့စည်းခြင်း၊ ကောင်စီ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကော်မတီများ၊ အဖွဲ့များဖွဲ့စည်းခြင်း၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ တိရစ္ဆာန်ဆေးပညာသင်ကျောင်းကို အရှေ့တောင်အာရှစံနှုန်းအရ အသိအမှတ်ပြုမှုရရှိစေရန် စစ်ဆေးခြင်း၊ တိရစ္ဆာန်ဆေးပညာကောင်စီ (သတ္တမအကြိမ်) ဖွဲ့စည်းရေးကိစ္စရပ်များနှင့် သတ္တမအကြိမ် တိရစ္ဆာန်ဆေးပညာကောင်စီတွင် ဌာနအသီးသီးမှ အဆိုပြုတိရစ္ဆာန်ဆေးကု ဆရာဝန်အမည်စာရင်းအနက် ဝန်ကြီးဌာနမှရှစ်ဦးကို တာဝန်ပေးအပ်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို တင်ပြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးက တိရစ္ဆာန်ဆေးပညာ တိုးတက်မြင့်မားလာရေးအတွက် မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးက တိရစ္ဆာန်ဆေးပညာ ခေတ်မီတိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်စေရန် ဝန်ကြီဌာနက လိုအပ်သည့်ညှိနှိုင်းပေါင်းစပ်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များ၊ မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ်၏ ဆရာနှင့်ကျောင်းသားအချိုး၊ သင်ကြားသင်ယူမှု လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သော အကြံပြုမွမ်းမံခြင်းကို ဝိုင်းဝန်းဆောင်ရွက် ပေးနိုင်ရေး၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ကို အရှေ့တောင်အာရှ စံနှုန်းများနှင့်အညီ ဖြစ်စေရေး ဆက်လက်အားထုတ်ကြိုးပမ်းသွားရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။