အဓိကအကြောင်းအရာသို့ သွားမည်
x

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် သိုလှောင်ထုပ်ပိုးခြင်းအလုပ်ရုံဖွင့်လှစ်ခြင်းနှင့် စိတ်ဝင်စားမှုတူညီရာအဖွဲ့ (CIGs)များနှင့် သမဝါယမအသင်းများသို့ မ,တည် ရန်ပုံငွေနှင့် လုပ်ငန်းသုံး ပစ္စည်းများကို ထောက်ပံ့

နေပြည်တော်၊ ဇန်နဝါရီ ၅

ကျေးလက်နေအိမ်ထောင်စုများ၏ အလုပ်အကိုင်နှင့် ဝင်ငွေရရှိရေး၊ လူမှုဘဝနှင့် စားရေရိက္ခာဖူလုံမှု တိုးမြှင့်ပေးနိုင်ရေးအတွက် “မျှစ်စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများ တန်ဖိုးကွင်းဆက်ဖွံ့ဖြိုး တိုးတက်မှုအပေါ် အခြေခံ၍ ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုဘဝ ဝင်ငွေရရှိနိုင်မှု မြှင့်တင်ပေး နိုင်ရေး ဆိုင်ရာစီမံကိန်း ” ကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည် ဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေး ထွက်ကုန်များ၊ အစားအသောက် နှင့် မျှစ်ထုတ်လုပ်ခြင်းလုပ်ငန်းများ အခြေခံ သော အိမ်တွင်းမှု လုပ်ငန်းများနှင့် အသေးစား၊ အငယ်စား နှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖြစ်ထွန်း လာသည်အထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

စီမံကိန်း အကျိုးသက်ရောက်မှုအနေဖြင့် နိုင်ငံတော်၏ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဝါးသစ်တောများကို စနစ်တကျသုံးစွဲနိုင်ခြင်း နှင့် ထိန်းသိမ်းနိုင်ခြင်း တို့အပြင် သစ်တောသယံဇာတများ ရေရှည်ဖွံ့ဖြိုးရေး လုပ်ငန်းများကိုပါ အကျိုးပြုစေမည်ဖြစ်၍ ရေရှည်တည်တံ့ဖွံ့ဖြိုးသောလုပ်ငန်းရပ်အဖြစ် ဆက်လက် ကြိုးပမ်း လျက်ရှိသည်။

“မျှစ်စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများ တန်ဖိုးကွင်းဆက်ဖွံ့ဖြိုး တိုးတက်မှုအပေါ် အခြေခံ ၍ ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုဘဝ ဝင်ငွေရရှိနိုင်မှု မြှင့်တင်ပေး နိုင်ရေးဆိုင်ရာစီမံကိန်း” ၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် သိုလှောင်ထုပ်ပိုးခြင်း အလုပ်ရုံ ဖွင့်ပွဲအခမ်းအနား ကို ဇန်နဝါရီလ (၅)ရက် နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် (၁၅) ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီးများ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ နှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ ၊ စိတ်ဝင်စားမှုတူညီရာအဖွဲ့ (CIGs) (၇) ဖွဲ့မှ တောင်သူကိုယ်စားလှယ်များ၊ သမဝါယမအသင်းများ ၊ နေပြည်တော် ဝါးစိုက်ပျိုးရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပျဉ်းမနားနှင့် လယ်ဝေးမြို့နယ်တို့မှ မြို့နယ်စိုက်ပျိုးရေးတာဝန်ခံများ တက်ရောက်ကြသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ဆက်လက် ကျင်းပသည့် ရန်ပုံငွေနှင့် လုပ်ငန်းသုံး ပစ္စည်းကိရိယာများ ပေးအပ်ပွဲ အခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က အမှာစကား ပြောကြား ရာ၌ ယနေ့ ဖွင့်လှစ်ခဲ့သည့် သိုလှောင်ထုတ်ပိုးခြင်း အလုပ်ရုံတွင် စီမံကိန်းလုပ်ငန်းများ ရေရှည်ဆောင်ရွက်နိုင်ရန်အတွက် အခြောက်ခံစက်၊ လေစုပ်အိတ်ပိတ် စက်၊ နှီးဖြာစက်၊ မျှစ်လှီးစက်များကို ထားရှိပြီး လုပ်ငန်းများ လည်ပတ်နိုင်စေရန် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပြီး လုပ်ငန်းများ ရေရှည်တည်တံ့စေရေးကို အလေးပေး စီမံထားခြင်း ဖြစ်ပါ ကြောင်း၊ စီမံကိန်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် စိတ်ဝင်စားမှု တူညီရာအဖွဲ့ (CIGs)များနှင့် သမဝါယမအသင်းများသို့ မ,တည် ရန်ပုံငွေနှင့် လုပ်ငန်းသုံး ပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်၍ လက်ခံ ရရှိသည့် စိတ်ဝင်စားမှု တူညီရာအဖွဲ့ (CIGs)များနှင့် သမဝါယမအသင်းများအနေဖြင့် ယင်းလုပ်ငန်းသုံး စက်ပစ္စည်း ကိရိယာများကို အကျိုးရှိစွာ အသုံးချသွားကြရန် တိုက်တွန်းပါကြောင်း၊ စီမံကိန်း အကျိုးသက်ရောက်မှုအနေဖြင့် နိုင်ငံတော်၏ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဝါးသစ်တောများကို စနစ်တကျသုံးစွဲနိုင် ခြင်း နှင့် ထိန်းသိမ်းနိုင်ခြင်း တို့အပြင် သစ်တောသယံဇာတများ ရေရှည်ဖွံ့ဖြိုးရေး လုပ်ငန်းများကိုပါ အကျိုးပြုစေမည်ဖြစ်၍ ရေရှည်တည်တံ့ဖွံ့ဖြိုးသောလုပ်ငန်းရပ်အဖြစ် ဆက်လက် ကြိုးပမ်း သွားကြစေလိုကြောင်း ပြောကြားသည်။

အစီအစဉ်အရ စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က မဲခါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ခွင့် ရရှိခဲ့သော “မျှစ်စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများ တန်ဖိုးကွင်းဆက် ဖွံ့ဖြိုး တိုးတက်မှုအပေါ် အခြေခံ၍ ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုဘဝဝင်ငွေ ရရှိနိုင်မှုမြှင့်တင်ပေး နိုင်ရေး ဆိုင်ရာစီမံကိန်း” အရ သိုလှောင်ထုပ်ပိုးခြင်း အလုပ်ရုံဖွင့်ပွဲ အခမ်းအနား၊ ရန်ပုံငွေနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် ကို ရှင်းလင်းတင်ပြသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက ပျဉ်းမနားမြို့နယ်အတွင်းရှိ အောင်ဘိသိတ်၊ မြသီတာ၊ ဆိတ်ဖူးတောင်၊ လွှက်တောင်နှင့် နန်းလွင်စန်းကျေးရွာတို့ရှိ စိတ်ဝင်စားမှု တူညီရာအဖွဲ့ (ClGs) (၇) ဖွဲ့မှ တောင်သူကိုယ်စားလှယ်များ နှင့် အလင်းရောင် သမဝါယမအသင်း ၊ ငွေမြိုင်သမဝါယမ အသင်း နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ပျဉ်းမနားနှင့် လယ်ဝေး မြို့နယ်စိုက်ပျိုးရေးရုံး တို့အား လုပ်ငန်းသုံးစက်ပစ္စည်းများနှင့် ရန်ပုံငွေများ ပေးအပ်သည်။

ယခုစီမံကိန်း ၏ ဆောင်ရွက်ချက်များအရ လုပ်ငန်းစိတ်ဝင်စားမှုတူညီရာ အဖွဲ့(CIGs) များ နှင့် သမဝါယမအသင်းများ အား ရန်ပုံငွေနှင့် လုပ်ငန်းသုံး စက်ပစ္စည်း ကိရိယာများ ပေးအပ်ခြင်းအားဖြင့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးလာပြီး ကျေးလက်နေအိမ်ထောင်စုများ၏ အလုပ်အကိုင် နှင့် ဝင်ငွေရရှိမှု၊ ဒေသ တစ်ခုချင်း၏ စားရေရိက္ခာဖူလုံမှု ၊ လူမှုဘဝ မြှင့်တင်နိုင်မှု နှင့်အတူ နိုင်ငံတော် ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။