အဓိကအကြောင်းအရာသို့ သွားမည်
x

(၂၁)ကြိမ်မြောက် တောင်သူ နည်းပညာ ဆွေးနွေးပွဲ (Farmers' Technical Forum) တွင် “တောင်သူများပူးပေါင်းဆောင်ရွက်သော မြေပဲနှင့် နေကြာမျိုးစေ့ထုတ်လုပ်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေး

နေပြည်တော်၊ ဇန်နဝါရီ ၆

စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွင် တောင်သူနှင့် သုတေသီများ အတွေးအမြင် အယူအဆ ကွာဟမှု ကွက်လပ်မရှိစေပဲ အပြန်အလှန် နားလည်ယုံကြည်စွာ ပူးပေါင်းဆောင်ရွက် နိုင်ကြစေရန်  ၊ တောင်သူများ နှင့် ပညာရှင်များ ၊ သုတေသီများ စဉ်ဆက်မပြတ် ထိတွေ့ ဆွေးနွေး နိုင်ကြစေရန် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers' Technical Forum) ကို အပတ်စဉ် စနေနေ့တိုင်း ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပလျက်ရှိသည်။

“တောင်သူများပူးပေါင်းဆောင်ရွက်သော မြေပဲနှင့် နေကြာမျိုးစေ့ထုတ်လုပ်ခြင်း”  ခေါင်းစဉ်ဖြင့် ဇန်နဝါရီလ(၆)ရက် စနေနေ့ နံနက်ပိုင်းက ကျင်းပသည့် (၂၁)ကြိမ်မြောက် ဆွေးနွေးပွဲ တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ပု‌ဗ္ဗသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်တို့မှ တောင်သူများ၊ စိုက်ပျိုးရေးအထူးပြုကုမ္ပဏီများမှတာဝန်ရှိသူများ စုစုပေါင်း (၁၀၃)ဦး ပါဝင် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဆွေးနွေးပွဲ တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ဆွေးနွေးမှာကြားရာတွင် မြေပဲသီးနှံသည် လူနှင့်တိရိစ္ဆာန်တို့အတွက် အဟာရရှုထောင့် ဘက်မှ အလွန်အရေးပါသည့် သီးနှံဖြစ်ပါကြောင်း၊ သုတေသန ပညာရှင်များ အနေဖြင့် တောင်သူများ၏ မြေပဲသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် တောင်သူများလက်ရှိ ကျင့်သုံးနေသည့် စိုက်ပျိုး ထုတ်လုပ်မှုကို သုတေသနပြု မှတ်တမ်းတင်ထားရန် Bench Marking လိုအပ် ပါကြောင်း၊ စပါးအပြီး ဆီထွက်သီးနှံများစိုက်ပျိုးရန် နေရာဒေသအလိုက် မြေဆီလွှာ အဟာရစီမံခန့်ခွဲမှု ဆိုင်ရာ သုတေသနများ ၊ စပါးအပြီး မြေပဲ၊ မတ်ပဲသီးနှံများ အပါအဝင် ယာသီးနှံများ အထွက်နှုန်းတိုးတက်စေရေး အတွက် တစ်ရေ ၊ နှစ်ရေ ပေးသွင်းခြင်းဖြင့် သီးနှံ အထွက်တိုးခြင်းကို လေ့လာသုနေသန ပြုရန်လိုအပ်ခြင်း ၊ စိုက်ပျိုးမြေ တွင် တီကောင်များပေါကြွယ်ဝမှုအပြင် ဝတ်မှုံကူးပေးနိုင်သည့် အင်းဆက်ပိုးများ ပေါကြွယ်ဝမှုများ လေ့လာရန်လိုအပ်ခြင်း၊ စပါးအပြီးယာသီးနှံများတွင် ရေသွင်းစနစ်များ ဖွံ့ဖြိုးရန် လိုအပ် လျက်ရှိကြောင်း၊ ‌တောင်သူများအား အထူးမှာကြားလိုသည်မှာ သီးနှံတစ်ခု စိုက်ပျိုးပါက အရင်းကျေ သီးနှံတစ်မျိုးမျိုး ထည့်သွင်း စိုက်ပျိုး စေလိုပါကြောင်း အကြံပြု တိုက်တွန်းပါကြောင်း၊ ယခုကဲ့သို့ အပတ်စဉ်ကျင်းပလျက်ရှိသည့် တောင်သူပညာပေးဆွေးနွေးပွဲများ အရည်အသွေးပိုမိုတိုးတက် လာရေးအတွက် မည်သို့ဆောင်ရွက်သင့်သည်ကို တောင်သူများ သုတေသီများနှင့် ဆွေးနွေးတိုင်ပင်သင့်ပါကြောင်း ပြောကြားပြီး နိုင်ငံတကာမှ  လယ်သမား ဈေးကွက်နှင့် စပ်လျဉ်း၍ အတွေ့အကြုံများကို ဗဟုသုတဖြစ်ဖွယ်မျှဝေဆွေးနွေး ပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသော တောင်သူလယ်သမားများ က မိမိတို့ထုတ်လုပ်သည့် ထုတ်ကုန်များကို ကိုယ်တိုင်ရောင်းချနိုင်မည့် တောင်သူ လယ်သမား ဈေး ပေါ်ပေါက်လာစေလိုကြောင်း နှင့် ယင်းတို့၏ လယ်ယာလုပ်ငန်းခွင် အခက်အခဲများကို ဆွေးနွေး တင်ပြကြသည်။

(၂၁)ကြိမ်မြောက် တောင်သူ နည်းပညာ ဆွေးနွေးပွဲ (Farmers' Technical Forum) တွင်     “တောင်သူများပူးပေါင်းဆောင်ရွက်သော မြေပဲနှင့် နေကြာ မျိုးစေ့ ထုတ်လုပ်ခြင်း”  ခေါင်းစဉ်ဖြင့် စိုက်ပျိုးရေးသုတေသနဦီးစီးဌာန ဆီထွက်သီးနှံသုတေသနဌာနစုမှ သုတေသနအရာရှိ  ဒေါ်မော်မော်နိုင် က မြန်မာနိုင်ငံ ၏မြေပဲစိုက်ပျိုး ထုတ်လုပ်မှုအခြေအနေ၊ မျိုးရွေးချယ်မှု၊ စိုက်နည်းစနစ်၊ စိုက်ချိန်၊ အပင်ပြုစုစောင့် ရှောက်နည်း ၊ မြေပဲသီးနှံ မျိုးကောင်း မျိုးသန့်ထုတ်လုပ်ခြင်း၊ ထုတ်ဝေပြီးမျိုးများ နှင့် စပ်လျဉ်း၍လည်းကောင်း၊ သုတေသနအရာရှိ  ဒေါ်နန်းပပဝင်း က နေကြာစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ မြေနေရာရွေးချယ်ခြင်း၊ မျိုးသန့် နယ်နိမိတ်ထားရှိ စိုက်ပျိုးခြင်း၊ စိုက်ချိန်ရွေးချယ်ခြင်း၊ မြေပြုပြင်ခြင်းနှင့် စိုက်ပျိုးခြင်း၊ ပြုစုရှောက်ခြင်း ၊ မျိုးသန့် မျိုးစေ့ ထုတ်ခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်းဆွေးနွေးတင်ပြ ကြရာ  ဒုတိယဝန်ကြီးက ဖြည့်စွက် ဆွေးနွေးပြောကြားပြီး တောင်သူများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ကြကြောင်း သတင်းရရှိသည်။