အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်ထောင်စုဝန်ကြီးများ ကျောက်ပန်းတောင်းမြို့နယ်ရှိ သောက်သုံးရေကန်များတူးဖော်မှုနှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ၊ ရှေးဟောင်းသာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းထားမှုအခြေအနေ လှည့်လည်စစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၆

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ရွာလတ်ကျေးရွာ ဇလင်းတောင်ရွာပတ်ဝန်းကျင်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တူးဖော်ပြီးသည့် ရိုးခြားကန်၊ ညောင်ကန်၊ ထောက်ရှာကန်၊ ဇလင်းတောင်ကန်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တူးဖော်ပြီးသည့် ဖိုးချုပ်ကန်၊ ဖောင်ရှိုးကန်တို့ကို ကြည့်ရှုစစ်ဆေးပြီး အဆိုပါကန်များကို ရေရှည်အသုံးပြုနိုင်ရေး ကန်များသန့်ရှင်းစေရေး သက်ဆိုင်ရာဌာနများ၊ ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ရန် မှာကြားကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ရွာလတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးရှိ ပေ ၇၀၀ စက်ရေတွင်း တူးဖော်ထားရှိမှု၊ ရေပေးဝေရန် စီစဉ်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။

မြကန်ပြုပြင်ထိန်းသိမ်း

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ညောင်ဦးမြို့နယ်ရှိ မြကန်ပြုပြင်ထိန်းသိမ်းနေမှုများကို ကြည့်ရှုစစ်ဆေးကြရာ မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင် ရေကြီးရေလျှံခြင်းနှင့် ရှေးဟောင်းအဆောက်အအုံများ၏ တံတိုင်းအတွင်းနှင့် အနီးပတ်ဝန်းကျင်နေရာများတွင် ရေဝပ်မှုထပ်မံမဖြစ်ပေါ်စေရေးတို့အတွက် ပုဂံခေတ်ရေအရင်းအမြစ် စီမံခန့်ခွဲမှုစနစ်သုတေသနပြုချက်အရ ရှေးဟောင်းရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ခြင်းနှင့် ရှေးဟောင်းရေကန်များ ပြန်လည်ဆယ်ယူထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိမှု မြကန်ပြုပြင်ထိန်းသိမ်းမှုများကို ရှင်းလင်းတင်ပြသည်။

ထိန်းသိမ်းစောင့်ရှောက်

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ညောင်လက်ဖက်ကန်၊ ရွှေနန်းရင် တောကန် - ၁ (ထိန်ကန်) ၊ အလံပုဂံကန် (အလံပြကန်) တူးဖော်မှုကို ကြည့်ရှု စစ်ဆေးကြပြီး ပြည်ထောင်စုဝန်ကြီးများက အဆိုပါကန်များသည် ပုဂံခေတ်ရေအသုံးချမှုတွင် အရေးပါခဲ့သော ရှေးဟောင်းရေကန်များ ဖြစ်သည့်အပြင် ပုဂံခေတ်မှ ယနေ့အထိ အသုံးပြုခဲ့ပြီး ဒေသခံများ၏ သောက်သုံးရေ၊ စိုက်ပျိုးရေတို့တွင် အထောက်အကူဖြစ်၍ ရေရှည်အသုံးပြုနိုင်ရေး ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသူများကို မှာကြားကြသည်။

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန် ၁ဝ၆ ကန်အနက် ၉၁ ကန်ကို အပိုင်း နှစ် ပိုင်းခွဲခြား၍ ပထမအဆင့် ၄၆ ကန်နှင့် ဒုတိယအဆင့် ၄၅ ကန် သတ်မှတ်ထားပြီး ပထမအဆင့် ၄၆ ကန်အနက် ပထမ ဦးစားပေး ၁၁ ကန်၊ ဒုတိယဦးစားပေး ၁၁ ကန်၊ တတိယဦးစားပေး ၁၂ ကန်၊ စတုတ္ထ ဦးစားပေး ၁၂ ကန်တို့ကို ဦးစားပေးအလိုက် ဆယ်ယူထိန်းသိမ်းသွားမည့် အခြေအနေ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရန်ပုံငွေဖြင့် ရှေးဟောင်းရေကန် (၆) ကန်၊ နယ်စပ် ရေးရာဝန်ကြီးဌာနမှ ရှေးဟောင်းရေကန် (၅) ကန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ရှေးဟောင်းရေကန် (၆)ကန်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရွှေနန်းရင်တောကန် (၃) ကန်၊ လှရတနာဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသက ရှေးဟောင်းရေကန် တစ်ကန်၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ငြိမ်း) သူရဦးမြင့်မောင်မိသားစုက ရှေးဟောင်း ရေကန်တစ်ကန်၊ ဦးမင်းညီ၊ ဒေါ်ဇင်မြင့်မောင်မိသားစုက ရှေးဟောင်းရေကန် တစ်ကန်၊ ဦးအောင်ကိုဇော်မိသားစုက ရှေးဟောင်းရေကန် တစ်ကန်၊ ဒေါက်တာလှဝင်းအောင်က ရှေးဟောင်းရေကန် တစ်ကန် စုစုပေါင်းရှေးဟောင်းရေကန် ၂၅ ကန်ကို ဆယ်ယူထိန်းသိမ်းမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရန်ပုံငွေဖြင့် တူးဖော်ထိန်းသိမ်းမည့် တောင်ကျောင်းကန် (တောရကျောင်းကန်) နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တူးဖော်ထိန်းသိမ်းဆောင်ရွက်ပေးမည့် ဖျောက်ဆိပ်ပင်ကန် (၁)၊ (၂)၊ (၃) တို့ကို ကြည့်ရှု၍ ပုဂံခေတ်ရေအသုံးချမှုတွင် မြကန်ရေပိုလွှဲမှ စီးဆင်း လာသောရေများကို ဒေသတွင်း ရေဝပ်ရေလျှံမှုမရှိစေရန် ရေသွယ်မြောင်းများဖြင့် စနစ်တကျသွယ်ယူခဲ့ပြီး ဒေသခံများ သောက်သုံးရေ၊ စိုက်ပျိုးရေအသုံးပြုနိုင်ရန် ယခုလို ကန်များ ဆယ်ယူသိုလှောင်ထိန်းသိမ်းခဲ့ကြောင်း၊ အဆိုပါရှေးဟောင်းရေကန်များကို ဆက်စပ်ဝန်ကြီးဌာနများ အကူအညီဖြင့် စနစ်တကျ ဖော်ထုတ်ဆယ်ယူ၍ ဒေသခံများအတွက် သောက်သုံးရေ၊ စိုက်ပျိုးရေရရှိအောင် စီမံဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုကုန်ကျစရိတ်များ လေလွင့်မှုမရှိစေဘဲ အရည်အသွေးကောင်းမွန်သပ်ရပ်အောင် ဆယ်ယူထိန်းသိမ်းဆောင်ရွက် သွားရန် တာဝန်ရှိသူများကို မှာကြားကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက တူးဖော်ထိန်းသိမ်းမည့် ရွှေနန်းရင်တောကန် (၃) ကန်နှင့် သန့်ရှင်းရေး ဆောင်ရွက်လျက်ရှိသော Area E တွင် ပါဝင်သည့် ရွှေနန်းရင်တောဘုရားအစု သန့်ရှင်းရေးဆောင်ရွက်ထားမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ဧရိယာ (၁၁) ပိုင်းခွဲ၍ ပေါင်းမြက်၊ ချုံနွယ်၊ ညောင်ပင်၊ ကန္တာရပင်များ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ စုစုပေါင်းစေတီပုထိုး ဂူဘုရားပေါင်း ၁၇၃၁ ဆူ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆက်ကပ်လှူဒါန်း

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် လောကနန္ဒာစာသင်တိုက်သို့ သွားရောက်၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် လောကနန္ဒာစာသင်တိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး ညောင်ဦးမြို့ရှိ စာသင်တိုက် (၃) တိုက်အတွက် ဥပ္ပါတသန္တိကျမ်းစာအုပ် ၃၃၉ အုပ်နှင့်လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အာနန္ဒာဘုရားသို့ ရောက်ရှိပြီး ရွှေသင်္ကန်းကပ်လှူပူဇော် ပြီးစီးမှုအခြေအနေ၊ ရွှေဆံတော်ဘုရားတွင် မိုးကြိုးလွှဲတပ်ဆင်ထားမှုနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက တူးဖော်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဆွေတော်မျိုးတော်ကန်နှင့် ရွှေထီးကန်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။